ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် လုပ်ငန်းရှင်တွေ၊ ချမ်းသာသူတွေကို လူတစုက ခြိမ်းခြောက်နေပြီး ဒေသခံတွေ ကြောက်လန့်နေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဆိုင်ရှင်တဦးက “မိသားစု၊ ဝန်ထမ်း မထိခိုက်စေချင်ရင် ကျနော်တို့ အထက်ကို ညှိ့နှိုင်းပြီး ဆွေးနွေးပါ။ ကျန်ကိစ္စကို ပျက်ကွက်ပါက လက်ရှိမြို့တွင်းလို ပစ်ခတ်ခြင်းကို ပြုလုပ်ပါမည်။ မိသားစု၊ ဝန်ထမ်း၊ ကလေးများပါမကျန် ပစ်ခတ်ပါမည်။ အဲဒီလို ရေးပြီး ခြိမ်းခြာက်စာ ဆိုင်ထဲ ပစ်တယ်။ ဆိုင်တောင် မဖွင့်ရဲကြတေ့ာဘူး”လို့ ပြောပါတယ်။
အဲဒီခြိမ်းခြောက်မှုတွေကြောင့် တချို့ဆိုင်တွေ အပြီး ပိတ်သိမ်းခဲ့ကြပြီး တချို့ ဆိုင်တွေက နေ့လယ်ဘက်မှာပဲ ဖွင့်ပြီး အစောပြန်ပိတ်ရတယ်လို့ သိရပါတယ်။
နောက်မြို့ခံတစ်ဦးက “ရှေ့က ဖြစ်စဉ်တွေလည်း တွေ့ခဲ့ရလို့ အရမ်းကြောက်တယ်။ တချို့က မြို့ပြောင်းမယ် ပြင်ဆင်နေကြတယ်။ ညဘက်မှ မဟုတ်ဘူး။ နေ့ဘက်လည်း အရမ်းတိတ်ဆိတ်တယ်” လို့ ပြောပါတယ်။
ပင်လုံမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က ဦးတင်ထွန်းဖုန်းဆိုင်ကို ဓားပြတိုက် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှာလည်း ပင်လုံမြို့မဈေးအတွင်း ကိုကျော်စိန်+မခင်ဦး ရွှေဆိုင်ကို ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပင်လုံမြို့မှာ ညဘက်တင်မကဘဲ နေ့လယ်ဘက်ပါ ပေါ်ပေါ်တင်တင် ဓားပြတိုက်မှုတွေ ဖြစ်ပွားလာတဲ့အတွက် ဒေသခံတွေ လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောက်ရွံ့ပြီး နေထိုင်ရတယ်လို့ သိရပါတယ်။
သူခိုး၊ ဓားပြ ကျူးလွန်သူတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ အဲဒီဒေသမှာ စစ်ကာင်စီ၊ RCSS၊ SSPP၊ PNA စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိပေမဲ့ ပြည်သူအတွက် ကာကွယ်ပေးခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောာပါတယ်။