စစ်တက္ကသိုလ်တွေအခြေစိုက်ရာ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အချက်အခြာကျတဲ့ မန္တလေးမြို့နဲ့ စစ်ကောင်စီဝန်ကြီးဌာနတွေ အခြေစိုက်ရာ နေပြည်တော်တို့ကို မဟာမိတ်တိုင်းရင်းသားတွေနဲ့ PDF တွေက အဘက်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ဗျူဟာတကျပြင်ဆင်ထားတာလို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။
ဦးကျော်ဇော် (NUG သမ္မတရုံးပြောခွင့်ရှိသူ) က “ပြင်ဦးလွင်မှာ သူတို့ကြောက်ပြီးတော့ ဟိုဟာလုပ်တယ် ဒီဟာလုပ်တယ်၊ ပေးမထွက်ဘူး ပေးမသွားဘူးဆိုတဲ့ဟာမျိုးတွေ။ ဒါကတော့ ကျနော်တို့ေ ဗျူဟာအရလုပ်စရာရှိတာတွေ လုပ်သွားမယ်။ ဒါက ပြင်ဦးလွင်ကို ခြိမ်းခြောက်တဲ့ အနေအထားရှိတယ်။ ပြင်ဦးလွင်နဲ့ မန္တလေးနဲ့ဆိုတာလည်း ဘာမှမဝေးတော့ဘူး။ မန္တလေးနဲ့ နေပြည်တော်ဆိုတာလည်း ဘာမှမဝေးတော့ဘူး။ နေပြည်တော်သွားတာ ဒီတလမ်းတည်း မဟုတ်ပါဘူး။ လမ်းကြောင်းတွေအများကြီးရှိတယ်။ တော်လှန်ရေးအင်အားစုတွေက PDF ပဲပြောပြော၊ ERO ပဲပြောပြော အရှေ့ဘက်ကနေပြီးတော့ နေပြည်တော်နဲ့ ဘာမှမဝေးတဲ့နေရာမှာ ရှိနေတယ်။ နေပြည်တော် ဒေသထဲထိတောင်မှ ကျနော်တို့တွေ တိုက်ပွဲတွေဖော်ဆောင်နိုင်တယ်။ တောင်ပိုင်းကနေပြီး နေပြည်တော်သွားတဲ့ လမ်းကြောင်းလည်းရှိတယ်။ ဗျူဟာအရ ဘယ်လိုလုပ်တယ်၊ ဘယ်အချိန်မှာ ဘယ်လိုဝင်မယ်၊ ဘယ်လိုထိုးစစ်ဆင်တယ်ဆိုတာတော့ ကျနော့်အနေနဲ့ ပြောခွင့်မရှိဘူး။ ကျနော်တို့ အခြေအနေကြည့်ပြီးတော့ ဗျူဟာအရလုပ်တယ်။ စစ်တပ်က ပြိုကွဲနေပြီ၊ ယိုင်နေပြီ။ အဲ့ဒါကိုဝိုင်းပြီးတော့ ဟန်ချက်ညီညီ လှဲချဖို့ပဲ ကျန်တော့တယ်။ သူတို့မှာ စိတ်ဓာတ်ရော ရုပ်ရောမရှိတော့ဘူး။"
ဇန်နဝါရီ ၁၂ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံရဲ့ ညှိနှိုင်းမှုအောက်မှာ ယာယီအပစ်ရပ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ အချိန် ၂ လကျော်အတွင်းမှာ ရှမ်းပြည်နယ်ထဲက မြို့ပေါင်း ၁၆ မြို့အထိ သိမ်းယူခဲ့ပြီး ယာယီအပစ်ရပ်လိုက်တာကြောင့် ဒီမြို့တွေကို စနစ်တကျ အုပ်ချုပ်ထိန်းသိမ်းနိုင်ဖို့ အခွင့်ကောင်းရသွားတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစကတည်းက စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ပွဲဝင်မယ်လို့ အကြိမ်ကြိမ်ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက် ကတိပျက်မှာကို စိုးရိမ်စရာမရှိဘူးလို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
"တရုတ်က ဦးစီးလုပ်တာဆိုတော့ မြောက်ပိုင်းအဖွဲ့က တစုံတရာ မျက်နှာထောက်ထားရမှာ ပါတာပေါ့နော်။ ၂ လတိတိ တိုက်ခိုက်ထားရတော့ သူတို့စစ်အင်အားကို ပြန်ပြီးစုစည်းတာ၊ စစ်ပန်းနေတဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ပြန်နာလန်ထူအောင်လုပ်ဖို့လည်းလိုတယ်။ သူတို့သိမ်းထားတဲ့ မြို့တွေကလည်း မနည်းဘူးလေ။ မြို့ဆိုတာ သိမ်းရတာလွယ်တယ်။ အဲ့ဒါကို ဆက်ထိန်းထားရတာ သိပ်ခက်တာ။ ဒီလုပ်ငန်းတွေလည်း လုပ်ရဦးမှာဆိုတော့ အခွင့်ကောင်းပေါ့ဗျာ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့။ နောက်ပွဲတွေအတွက် ဆက်ပြီးတော့ ပြင်ဆင်ဖို့ အချိန်ကောင်းကောင်းရတာပေါ့။ သူတို့ဒေသကိုပိုပြီးတော့ အခြေခိုင်မာအောင် ပိုပြီးတော့ ပြောအားဆိုအား ရှိအောင် တည်ဆောက်နိုင်တာပေါ့ဗျာ။ တော်လှန်ရေးသမားတွေ အားလုံးအတွက် လွတ်မြောက်တဲ့ ဒေသတွေ တိုးသလိုပေါ့ဗျာ။ အရေးအကြောင်းရှိရင် ကိုယ်ကခိုဝင်လို့ရတယ်။ တော်လှန်ရေးဘက်က အင်အားတစုံတရာ သာသွားတာရှိတာပဲ။"
စစ်ကောင်စီကတော့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ ယာယီအပစ်ရပ်ထားတယ်ဆိုပေမယ့် စစ်ကိုင်း-ကချင်၊ စစ်ကိုင်း-ချင်းနယ်စပ်က မြို့နယ်တွေမှာတော့ ပြည်သူတွေနေထိုင်ရာ အရပ်တွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတတယ်။
တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ စစ်ကိုင်း-ကချင်နယ်စပ်က ကောလင်းမြို့နဲ့ အနီးဝန်းကျင်ကို နေ့တိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို စစ်ကိုင်း- ချင်းနယ်စပ် တမူးနယ် ခမ်းပတ်မြို့နဲ့ အနီးဝန်းကျင်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဦးကပ် (တမူးတိုက်နယ်ပကဖ) က “စစ်ရေးပြင်ဆင်မှုကတော့ တပ်မ ၅၅ နဲ့ တပ်မ ၉၉ ဒီဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ကြားထားတယ်။ တမူးလည်း ခုထိငြိမ်နေတုန်းပဲဗျ။ မနေ့ကတော့ ကလေး စစ်ကိုင်းကြီးဘက်ကနေပြီးတော့ ကံဦး၊ ကံသာဘက်ကို လက်နက်ကြီးတွေနဲ့ ထုတာပေါ့။ ပြီးတော့ ချင်းတောင် သိုင်းငင်းဘက်ကိုလည်း သူတို့လက်နက်ကြီးနဲ့ အဆက်မပြတ်ထုတာပေါ့။ ကျနော်တို့ နယ်မြေစိုးမိုးမှုယူထားတဲ့ ခမ်းပတ်နယ်နိမိတ် အတွင်းကတော့ သူတို့စစ်ကြောင်းထိုးဖို့ရာ နည်းနည်းတော့ခက်ခဲမယ်။ ခု ကျနော်တို့ဘက်ကလည်း စစ်ရေးအရဆိုရင် စခန်းသိမ်းပွဲတွေဘာတွေ ကျနော်တို့ ရှိဦးမယ်ဆိုရင် ဒီဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ဆိုတာ သူတို့ဘက်က အင်အားနည်းချိနဲ့နေပြီလို့ပဲပြောရမှာပေါ့။"
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရက်ပိုင်းအတွင်းမှာ ရှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့အနီးအထိ ထိုးစစ်ဆင်နိုင်ခဲ့ပြီး တလအကြာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ခေါ်မယ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၂ လခွဲနီးပါးအကြာ ဇန်နဝါရီ ၁၁ ရက်နေ့အထိ မှတ်တမ်းတွေအရ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေက ချင်းပြည်နယ်မှာ ၇ မြို့၊ စစ်ကိုင်းတိုင်းမှာ ၄ မြို့၊ ကချင်ပြည်နယ်မှာ ၁ မြို့၊ ရှမ်းပြည်နယ်မှာ ၁၆ မြို့၊ ကရင်နီပြည်နယ်မှာ ၂ မြို့ စုစုပေါင်း ပြည်နယ်နဲ့တိုင်း ၅ ခုက မြို့ပေါင်း ၃၀ အထိ သိမ်းယူခဲ့ပါတယ်။