စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁ ဆီကို စစ်ကောင်စီရဲ့ ဟုမ္မလင်း ၃၇၀ တပ်ရင်းက တပ်ကြပ် ၁ ယောက်နဲ့ ပျူစောထီး ၂ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့က အလင်းဝင်ခဲ့တာဖြစ်ပြီး သူတို့ကို ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဆုကြေးငွေ ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
တပ်ရင်း ၁ က ရဲဘော်တယောက်က “ကျွန်းကုန်း ပျူစောထီးစခန်းကနေ အသက် ၂၇ နှစ်အရွယ် တပ်ကြပ် ၁ ယောက်နဲ့ ပျူစောထီး ၂ ယောက် MA-1 သေနတ် ၁ လက်၊ ကာဘိုင် ၁ လက်၊ ပြောင်းချော ၁ လက်၊ ကျည် ၃၀၀ ကျော် ပါလာတယ်။ တပ်ကြပ်က ဟုမ္မလင်းအခြေစိုက် ခမရ ၃၇၀ က။ သူတို့ စခန်းက ထွက်ပြေးလာပြီး ရင်း ၁ ဘက်ကို အလင်းလာဝင်တာ။ သူတို့မိသားစု လုံခြုံရေးအရ နာမည်တော့ ပြောလို့မရဘူး။ အခုတော့ ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကလည်း ကျွန်းကုန်းရွာနဲ့ ၄ မိုင်အကွာရှိတဲ့ ဟုမ္မလင်းမြို့နယ် သောင်သွပ်စံပြကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးအများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။