ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့မှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်ကစပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။
"ကျနော်က အဖွဲ့အစည်းနဲ့ကူညီတာတော့ မဟုတ်ဘူး။ စစ်ရှောင် စခန်းရယ်လို့လည်း မရှိဘူး။ ကူညီရတဲ့ လူဦးရေလည်းများပါတယ်။ အဓိက က ဆန်နဲ့ ဆီ လိုအပ်ပါတယ်။ တချို့နေရာတွေမှာ သက်ကြီးဘိုးဘွားတွေ ရှိနေလို့ ဆေးဝါးလည်းလိုအပ်တယ်။ မိုးတွင်းအတွက် ယာယီတဲထိုးဖို့ မိုးကာတွေလည်း လိုအပ်နေပါတယ်။”
ပဲနွယ်ကုန်းမြို့ပေါ်က လူတချို့ကတော့ အခြေအနေငြိမ်သက်လို့ ပြန်လာနေပေမဲ့လည်း ကျေးရွာတွေဘက်က ပြည်သူတွေကတော့ မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ် သံတောင်မြို့ဘက်က စစ်ဘေးရှောင် ပြည်သူတွေဟာလည်း အကူအညီတွေ လိုအပ်နေတယ်လို့ သံတောင်မြို့ ရဲ့စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ရွာဘက်က လာရှောင်နေတဲ့သူတွေကိုတော့ ကေအန်ယူ ကော်မတီဝင်တွေက ရိက္ခာအတွက် ကူညီပေးပေမဲ့ လုံလုံလောက်လောက်တော့ မရကြပါဘူး။ လက်ရှိတော့ တောင်ပေါ်မှာ ဆေးဝါးအရမ်း လိုအပ်နေတယ်။ ဆေးတွေလည်း ဈေးတက်လာတော့ အရင်လို မကူညီနိုင်ကြတော့ဘူး။ သံတောင်မြောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု အရမ်းအားနည်းလို့ ကျန်းမာရေး ဝန်ထမ်းလည်း လိုအပ်ပါတယ်။"
ပဲနွယ်ကုန်း အနီးတဝိုက် ကျေးရွာတွေနဲ့ သံတောင်မြို့ဘက်က ကျေးရွာတွေမှာ တိုက်ပွဲမပြင်းထန်တော့ပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ် ဝဲတာတွေကြောင့် ဒေသခံတွေက နေရပ်မပြန်ရဲတဲ့အပြင် လုံခြုံမှုလည်း မရှိတော့တာကြောင့် စစ်ဘေးရှောင် အရေအတွက်လည်း ပိုပိုတိုးလာတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေ ဆီကနေ သိရပါတယ်။