ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှံ့မြေပြိုကျရာက လူ ၃၄ ဦးထက်မနည်း သေဆုံးပြီး အဝေးပြေးလမ်းမကြီးပေါ်မှာလည်း လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိထားကြလို့ ဇန်နဝါရီ ၁၃ ရက်မှာကိုလံဘီယာရှိ ကယ်ဆယ်ရေးသမားတွေက အသက်ရှင် ကျန်ရစ်သူတွေကို လွတ်မြောက်အောင် ဆွဲထုတ်သယ်ယူနေကြပါတယ်။
ဇန်န၀ါရီ ၁၂ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ ရွှံ့မြေပြိုကျမှုကြောင့် ကိုလံဘီယာ ပစိဖိတ်ဒေသရှိ ချိုကိုပြည်နယ်က ကိဘ်ဒိုမြိုနဲ့ မက်ဒလင်းမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို ရွှံ့တွေ ဖုံးလွှမ်းပိတ်ဆို့သွားခဲ့တာလို့ အာဏာပိုင်တွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုလံဘီယာနိုင်ငံတဝှမ်းမှ ကယ်ဆယ်ရေးသမားတွေနဲ့ ခွေးတွေကို အခင်းဖြစ်ပွားရာနေရာကို စေလွှတ်ခဲ့ပြီးတော့ ဒဏ်ရာရသူတွေကို ရှာဖွေနေကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီက အလောင်းတွေနဲ့ အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ထားတဲ့ နေရာမှာလည်း သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေ ရောက်ရှိနေကြပြီး စိတ်ပူပန် ဝမ်းနည်းနေကြကြောင်း ဒေသတွင်းမီဒီယာတွေမှာ အစီရင်ခံကြပါတယ်။
အခုတော့ မြေသား ခိုင်မာကျစ်လျစ်မှု မရှိသေးတာနဲ့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် အဲဒီလမ်းကို ကိုလံဘီယာနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (UNGRD) မှ ပိတ်ထားလိုက်ပါတယ်။
ဒီဖြစ်ရပ်ကို ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ သေဆုံးသူအများစုဟာ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေက အများစုဖြစ်ကြောင်း ကိုလံဘီယာ ဒုတိယသမ္မတ ဖှရန်စီယာ မားကွက်ဇ်က လူမှုကွန်ရက် X မှာ ပို့စ်တင်ထားပါတယ်။
Source/Photo - Reuters