ရုရှားနိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းလက်လီ အရောင်းဂိုဒေါင်တခု စိန့်ပီတာစဘက်မြို့မှာ အကြီးအကျယ် မီးလောင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၃ ရက်က အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။
ဂိုဒေါင်ပိုင်ရှင် ဝိုင်းဒ်ဘယ်ရီစ်က သူ့ဝန်ထမ်းတွေအားလုံးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းလိုက်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စတုရန်းမီတာ ၇ သောင်း ကျယ်ဝန်းတဲ့ ကုန်လှောင်ရုံမှာ အပြင်းထန်ဆုံး အမျိုးအစား ၅ အဖြစ် သတ်မှတ်ခံရတဲ့ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။
ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဆင်ခြေဖုံးမှာ စတင်ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ပတ်သက်ပြီး အကြောင်းရင်းကို ချက်ချင်း မပြောနိုင်သေးပါဘူး။ မီးသတ်သမား အယောက် ၃၀၀ နီးပါးနဲ့ မီးသတ်ကား ဒါဇင်ပေါင်းများစွာအပြင် ရဟတ်ယာဉ်တွေနဲ့ပါ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အရေးပေါ်အခြေအနေများ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Source/Photo - REUTERS/Anton Vaganov