ပါလက်စတိုင်းတွေကို လူမျိုးတုံး သတ်ဖြတ်မှုလို့ တောင်အာဖရိကက တရားစွဲခဲ့ပြီးနောက်မှာ ဂါဇာစစ်ပွဲကို အလုံးစုံ အောင်နိုင်တဲ့အထိ အစ္စရေးကို နိုင်ငံတကာ တရားမျှတမှု တရားရုံးက တားဆီးလို့ရမှာ မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
“ဘယ်သူမှ သူတို့ကို တားဆီးလို့မရဘူး။ သည်ဟေ့ဂ်လည်း မရဘူး။ မိစ္ဆာဝင်ရိုးတန်း နိုင်ငံတွေလည်း လာတားလို့ မရဘူး”လို့ နေတန်ယာဟုက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။
သူတို့နိုင်ငံသားတွေကို သတ်ဖြတ်ပြီး ပြန်ပေးဆွဲခံရတဲ့ ရက်ပေါင်း ၁၀၀၊ စစ်ပွဲ ရက်ပေါင်း ၁၀၀ ကျရောက်တဲ့ ဒီနေ့ကို မှတ်သားထားကြောင်းနဲ့ ဟားမတ်စ်တွေကို ဖယ်ရှားရေး၊ ဓားစာခံတွေ ပြန်လည်ရောက်ရှိလာရေးနဲ့ ဂါဇာကမ်းမြောင်ဒေသဟာ အစ္စရေးနိုင်ငံကို ဘယ်တော့မှ လုံးဝ ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ကြောင်း အာမခံချက်ရရှိရေး ဆိုတဲ့ အစ္စရေးရဲ့ ရည်မှန်းချက်တွေ အားလုံးကို အောင်မြင်ပြီးတဲ့အထိ စစ်ပွဲကို နိဂုံးချုပ် အဆုံးသတ်သွားဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
တောင်ဘက်နဲ့ မြောက်ဘက် နှစ်ဖက်လုံးမှာရော လုံခြုံရေးတွေ ပြန်လုပ်သွားမယ်လို့လည်း ပြောပါတယ်။
အီဂျစ်နဲ့ ဂါဇာကမ်းမြောင် နယ်စပ်တလျှောက်က ဖီလာဒဲဖီစင်္ကြံကို ပိတ်ပစ်ရမယ် ဆိုတာကလွဲလို့ စစ်တပ်က သိမ်းယူမယ် ဆိုတဲ့ ဆုံးဖြတ်ချက်လည်း မချရသေးဘူးလို့ နေတန်ယာဟုက ပြောပါတယ်။
ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့တယ် ဆိုတာနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာဥပဒေက ရိုးရိုးရှင်းရှင်း ပြောထားတာရှိပြီး သူတို့ကို အန္တရာယ်ဖြစ်စေတဲ့ တိုက်ပွဲဇုန်ကနေ ဖယ်ထုတ်ဖို့နဲ့ အန္တရာယ်ရှိနေသရွေ့ သူတို့ကို ပြန်မလာခိုင်းတာလို့ ဆိုပါတယ်။ ဒါကို မနေ့က နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကိုလည်း ပြောထားပြီးပြီလို့ ပြောပါတယ်။
Source/Photo - REUTERS/Ronen Zvulun/Pool