ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ခွဲက ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေက ကားနဲ့ ဆိုင်ကယ်တွေကို ယာဉ်စည်းကမ်း အကြောင်းပြပြီး စစ်ဆေးငွေညှစ်နေတယ်လို့ ကိုယ်တွေ့ကြုံရတဲ့ သူတွေဆီကနေ သိရပါတယ်။
အခု ဇန်နဝါရီလ ဒုတိယအပတ်ကနေ ဒီကနေ့အထိ ကားနဲ့ ဆိုင်ကယ်တွေကို အမောင်းလိုင်စင်မပါရင် ငွေကျပ် ၁ သိန်း၊ ဆိုင်ကယ်လိုင်စင်မပါရင် ၂ သိန်း တောင်းယူနေပြီး မပေးချင်တဲ့သူတွေကို ရုံးတင်မယ်လို့ ခြိမ်းခြောက် အကျပ်ကိုင်နေကြောင်း လမ်းအသုံးပြု သွားလာနေတဲ့ ခရီးသည်တယောက်က ပြောပါတယ်။
“ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီး အကုန်စစ်တာ၊ ရှေ့မီး အနောက်မီး၊ ဆစ်ကနယ်မီး စစ်တယ်။ ဘက်မှန်နဲ့ ဟွန်းစစ်တယ်။ အကုန် ပြည့်စုံတယ်ဆို လိုင်စင်နဲ့ ဦးထုပ်စစ်တယ်။ ရစ်လည်းရစ်တယ်။ လိုင်စင်မပါတဲ့ ကောင်လေး ၂ ယောက်ဆို ငွေ ၁ သိန်းတောင်းတာ။ မပေးရင် ရုံးတင် တရားစွဲရလိမ့်မယ်တဲ့။ ဒီကာလ အကုန်ကျပ်တည်းနေတဲ့အချိန် ဒီလိုမလုပ်သင့်ဘူး ထင်တယ်။ စစ်တပ်က ပြည်သူတွေကို တကယ် အန္တရာယ် မဖြစ်စေချင်တာလား။ ဒုက္ခပေးနေကြတာလားလို့ မေးရမယ်” လို့ ပြောပါတယ်။
အဲဒီလို စစ်ဆေးငွေတောင်းနေတာကြောင့် လမ်းအသုံးပြုတဲ့သူတွေအနေနဲ့ အခက်အခဲ အတော်ရောက်နေပြီး ငွေကြေး မပြည့်စုံတဲ့သူတွေအဖို့ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရှိပါ ကလည်း မသွားရဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ဖမ်းဆီး စစ်ဆေးနေတဲ့နေရာကိုကျော်ပြီး မိသားစု နေမကောင်း ဖြစ်နေတဲ့ဆီ သွားရမှာ။ ဒါပေမဲ့ စစ်ဆေး ငွေတောင်းနေတဲ့ သတင်းကြောင့် မသွားရဲဘူး ဖြစ်နေတယ်။ သူတို့ကို ပေးရမယ့် ပိုက်ဆံက ကိုယ့်အမေ ဆေးဖိုးလောက်အထိ ရှိတာလေ။ ဒါ့ကြောင့် လူတော့ မလာနိုင်တဲ့အကြောင်း ရှင်းပြပြီး ငွေတော့ လွှဲပေးလိုက်တယ်။ ထိန်းကျောင်းကြပ်မတ်ပေးရမယ့်သူတွေက အနိုင်ကျင့် ဗိုလ်ကျနေတာ ခက်တယ်။ နယ်တွေဘက်က ဒေသခံတွေ အများစုက ငွေကြေး မပြည့်စုံတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေပဲ ဝယ်စီးတာများတယ်လေ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာနေတဲ့ ဒေသခံအများစုဟာ ငွေကြေးသက်သာပြီး မိမိတို့ဒေသနဲ့ ကိုက်ညီတဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေကိုစီးကြတာ များတယ်လို့ သိရပြီး လိုင်စင်မဲ့ကို ဖမ်းဆီးမယ်ဆိုရင် ၇၅ ရာခိုင်နှုန်းလောက် ဖမ်းဆီးခံရနိုင်ပြီး ကျေးလက်ဒေသနေ ပြည်သူတွေ အများဆုံး အခက်အခဲဖြစ်တော့မယ်လို့ ဆိုပါတယ်။
ပုသိမ်-မုံရွာလမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဆိုင်ကယ်နဲ့ ဈေးဝယ်လာတဲ့ သူ ၃ ယောက် သတ်ဖြတ်ခံရပြီး လက်ဝတ်ရတနာတွေနဲ့ ဆိုင်ကယ်တွေ လုယက်ခံခဲ့ရတဲ့အတွက် ဒေသခံတွေမှာ စိုးရိမ်နေတဲ့အချိန် အခုလို ငွေညှစ်တာက လုံခြုံရေးအတွက် အားကိုးမရတဲ့အပြင် ဒုက္ခရောက်နေရတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။