စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နဲ့ ကလေးမြို့တို့မှာ ဒီနေ့ စစ်တပ်က လုံခြုံရေးပေးပြီး ဘာသာရေး ဆန္ဒပြပွဲနဲ့အတူ MNDAA တပ်ဖွဲ့ကို ကန့်ကွက်ရှုတ်ပွဲနဲ့ တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ကန့်ဘလူမြို့တော်ခန်းမမှာ စုရပ်လုပ်ပြီး စစ်တပ်နဲ့ ပျူစောထီး၊ မဘသဘုန်းကြီးတွေ ဦးဆောင်ပြီး MNDAA တပ်ဖွဲ့ကို ကန့်ကွက်ရှုတ်ချပွဲ ကျင်းပနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကန့်လူ ဒေသခံတယောက်က “အမှတ် ၂ ရပ်ကွက်က ဥက္ကဋ္ဌ ဦးဆောင်ပြီး အကုန်စီစဉ်နေတာ။ သာသနာ့အလံတွေလည်း စိုက်ထားတယ်။ မဘသဘုန်းကြီးတွေ ပါမယ်ထင်တယ်။ ရွာတွေကိုလည်း တရွာကို လူ ၅၀ မတက်မနေရ တက်ခိုင်းတယ်၊ ပျူအင်အား ၁၀၀ လောက်နဲ့ မီးသတ်တပ်ဖွဲ့တွေ မနက်အစောကြီးကတည်းက ရောက်နေတာ။ ကားနဲ့ ဆိုင်ကယ်တွေ အဝင်မခံဘဲ နေရာတိုင်း လုံခြုံရေးအပြည့် ချထားတာ။ မြို့လယ်လမ်းတွေလည်း အကုန်လှည့်မယ်လို့ ပြောတယ်။ MNDAA က ဘုရားဖျက်လို့ ဆိုပြီး ကန့်ကွက်ရှုတ်ချပွဲလို့ ပြောတာပဲ။ ဘုရားစေတီတွေ၊ ဘာသာရေး အဆောက်အဦတွေနဲ့ ပြည်သူတွေကို လေကြောင်းနဲ့ရော မြေပြင်မှာပါ အကြောင်းမဲ့ ဖျက်ဆီးသတ်ဖြတ်နေတဲ့ စစ်တပ်ကြီးက အခုလိုပွဲမျိုး လုပ်တာဆိုတော့ ဟာသကြီး ဖြစ်နေသလိုပဲ။ သူများမျက်ချေးပဲ မြင်တယ်၊ ကိုယ့်မျက်ချေးကျ မမြင်ဘူး၊ မဘသ ဘုန်းကြီးတွေကလည်း အမျိုးဘာသာ၊ သာသနာလို့ အော်နေပြီး စစ်တပ်က စေတီပုထိုးနဲ့ ဘာသာရေးအဆောက်အဦတွေ အကြမ်းဖက် ဖျက်ဆီးတော့ တခွန်းမှ မဟကြဘဲ အခုမှ ရှေ့က ဦးဆောင်ပြနေတာကြီးကလည်း ကိုယ့်ဘာသာအတွက် ရှက်မိတယ်” လို့ ပြောပါတယ်။
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ကတော့ ‘အကြမ်းဖက်စစ်တပ်ဟာ သံတမန်ရေးရာတွင်သာမက၊ စစ်ရေးပါ အဘက်ဘက်မှ ရှုံးနိမ့်နေခြင်းကြောင့် ပြည်သူတွေကို ဘာသာရေးအကြောင်းပြ ခုတုံးလုပ်ကာ နည်းအမျိုးမျိုးနဲ့ လှည့်စားစည်းရုံးရန် ကြံစည်နေခြင်းသက်သက်သာ ဖြစ်တယ်။ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေ သုံးနေကျ ဘာသာရေးအရေခြုံ လူထု မျက်လှည့်ပြပွဲ တခုသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်အားလုံးနဲ့ ပြည်သူ့ကိုယ်စားပြုပွဲ မဟုတ်ဘဲ အပေါ်ယံဟန်လုပ် အရူးအနှမ်း လုပ်ရပ်တခုသာ ဖြစ်တယ်။ အချုပ်အားဖြင့်ဆိုသော် ဖက်ဆစ်စစ်တပ် ကျူးလွန်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ခြင်း သက်သက်သာဖြစ်ကြောင်း ပြည်သူအားလုံးသိရှိစေရန် အသိပေးအပ်ပါတယ်’ လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ကလေးမြို့၊ အာဇာနည်ကွင်းမှာလည်း ဒီမနက်ပိုင်းက စစ်ကောင်စီက လုံခြုံရေးပေးပြီး တပ်ထောက်ခံပွဲနဲ့ ဘာသာရေးမှိုင်းတိုက်ပွဲ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီထောက်ခံပွဲကို ကလေးမြို့အနီးက စစ်ကောင်စီ ထောက်ခံတဲ့ ကျေးရွာတွေဖြစ်တဲ့ တောင်အူရွာ၊ ပြင်သာရွာ၊ ဆည်တော်ဦးရွာနဲ့ ကျောင်းတိုက်ရွာက ရွာသူရွာသားတွေ အပါအဝင် တပ်ထဲက စစ်သည်အမျိုးသမီးတွေ ပါဝင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ကလေးမြို့ခံတယောက်က “ဒီနေ့ မြို့ထဲမှာ လမ်းတိုင်းလိုလို ကင်းတွေချထားတာ။ သူတို့ မသင်္ကာရင်တော့ စစ်ဆေးတယ်။ ဆန္ဒပြပွဲက အသံတွေကလည်း ဆူညံလို့ ကြားရတယ်။ မြို့ထဲ လူသွားလူလာတော့ နည်းတယ်” လို့ ပြောပါတယ်။
အဲဒီ တပ်ထောက်ခံပွဲကို မြို့သူမြို့သားတွေအနေနဲ့ မပါဝင်ကြဖို့ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ မိမိတို့နေအိမ်မှာပဲ နေကြဖို့ ကလေးမြို့ပြ စစ်ဆင်ရေးအဖွဲ့က အသိပေးထားပါတယ်။
ကလေးမြို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တယောက်က “စစ်တပ်ကတော့ ပျူရွာက လူတွေကို နေ့စားခပေးပြီး အော်ခိုင်းတာပါပဲ။ ထူးတော့မထူးဆန်းပါဘူး။ သူတို့က လုံခြုံရေးယူပေး၊ နေ့စားသမားတွေကအော်၊ ပြီးရင်တော့ ပြည်သူတွေက PDF ကို အလိုမရှိပါဘူး ဆိုပြီး မီဒီယာတွေကဆင့် တင်ဦးမယ်။ ရယ်တော့ ရယ်ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ဘာသာရေး အကြောင်းပြတဲ့ ဆန္ဒပြပွဲတွေကို တခြားမြို့တွေမှာလည်း ပြုလုပ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေဆီက သိရပါတယ်။
ဓာတ်ပုံ - ကလေးမြို့ တောင်အူ၊ ပြင်သာရွာမှ ရွာခံများ တပ်ထောက်ခံပွဲ လာရောက်စဉ်