အခြေအနေတင်းမာနေတဲ့ ပင်လယ်နီမှာ အမေရိကန်နဲ့ ဗြိတိန်က ယီမင်မှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လာပြီးတဲ့နောက် ရေနံတင်သင်္ဘောတချို့ဟာ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပင်လယ်နီကို ရှောင်ကွင်းမောင်းတာ၊ လမ်းကြောင်းပြောင်းမောင်းတာတွေရှိလာခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို ယီမင်အခြေစိုက် ဟူသီသူပုန်တွေက တိုက်ခိုက်မှုတွေ ရှိလာတာကြောင့် အမေရိကန်နဲ့ ဗြိတိန်က ရေကြောင်း၊ လေကြောင်းကနေ နှိမ်နင်း နေတာဖြစ်ပါတယ်။
ပင်လယ်နီ တောင်ဘက်စွန်းမှာရှိတဲ့ ဘက်ဘ်အယ်မန်ဒက်ဘ် ရေလက်ကြားကို အခုရက်ပိုင်း သင်္ဘောအားလုံး ရှောင်ကွင်းသွားကြဖို့ ဘာရိန်းအခြေစိုက် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံစုံရေကြောင်းသွားလာရေးအဖွဲ့ကြီး(CMF) ကထုတ်ပြန်ထားပါတယ်။
ပါလက်စတိုင်းတွေကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနဲ့ပတ်သက်တဲ့ သင်္ဘောတွေကို တိုက်တာလို့ ဟူသီတွေက အစောပိုင်းမှာ ထုတ်ပြန်ထားပေမဲ့ နောက်ဆုံးရသတင်းတွေအရ ရုရှားရေနံတင်သင်္ဘောကိုပါ မှားပစ်မိတာမျိုးတွေရှိနေပါတယ်။
အီရန်ကလည်း တူရကီကိုသွားနေတဲ့ အီရတ်ရေနံတွေတင်လာတဲ့ သင်္ဘောတစ်စင်းကို အိုမန်နဲ့ အီရန်ကြား ဟောမုဇ် ရေလက်ကြားအနီးမှာ စီးနင်းသိမ်းပိုက်ခဲ့ပါတယ်။
ရေနံတင်သ င်္ဘောကြီးလေးစင်းဟာ သောကြာနေ့မှာ ပင်လယ်နီကို ရှောင်ဖို့ ခရီးတစ်ဝက်မှာ လမ်းကြောင်းပြောင်းသွားခဲ့သလို နောက်ထပ်ငါးစင်းကလည်း လမ်းကြောင်းပြောင်းတာ၊ ရပ်နားထားတာမျိုး ပြုလုပ်ခဲ့တယ်လို့ ကုန်တင်သင်္ဘော သွားလာမှုလမ်းကြောင်းထုတ်ပြန်တဲ့ အဖွဲ့တွေက ကြေညာပါတယ်။
တချိန်တည်းမှပဲ ရေနံစိမ်းစျေးကလည်း ၂ ရာခိုင်နှုန်းလောက်တက်သွားပြီး ဘရန့်ရေနံစိမ်းစျေးမှာ ဒေါ်လာ ၈၀ အထက် ရောက်လာပါတယ်။
Source/Photo - REUTERS/KHALED ABDULLAH