Home
ဆောင်းပါး
မြန်မာစစ်တပ် ကာကွယ်ပေးထားတဲ့ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ ဒုစရိုက်မြို့တော်
DVB
·
January 14, 2024
Article_14012024

စစ်အာဏာရှင်တွေကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တမြို့မှာ ရာဇဝတ်ဂိုဏ်းတွေကို ဦးစီးအုပ်ချုပ်နေတဲ့ မိသားစုလေးစုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်အနီးမှာ အခြေချလုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်လုပ်ငန်းတွေဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံလောက် ဝင်ငွေရှိနေပြီး အဲဒီလုပ်ငန်းတွေကို မြန်မာစစ်တပ်က အကာအကွယ်ပေးထားတဲ့ မိသားစုလေးစုက ဦးဆောင်လုပ်ကိုင်နေတာဖြစ်ကြောင်း အဲဒီဒေသမှာ နယ်မြေအုပ်ချုပ်ခွင့် ရရှိဖို့ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ရဲ့ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်က ထောက်ခံအားပေးသူတွေကို နှစ်သစ်အမှာစကား ပြောကြားချိန်မှာ အဲဒီသတင်းစကားကို ထည့်သွင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းဌာနတခုဖြစ်တဲ့ ဧရာဝတီက သူ့ရဲ့သတင်းမှာ ဖော်ပြခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က မြန်မာစစ်တပ်နဲ့ ရက်သတ္တပတ် အနည်းငယ်ကြာအောင် တိုက်ခိုက်ခဲ့ပြီးနောက် ကိုးကန့်ဒေသရဲ့ အဓိကမြို့တမြို့ဖြစ်တဲ့ လောက်ကိုင်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့ကရော၊ မြန်မာစစ်တပ်ကပါ ထုတ်ပြန်ခဲ့ပါတယ်။ လောက်ကိုင်မြို့ဟာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အဓိက ဆောင်ရွက်နေတဲ့မြို့လည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တွေဘက်က ရာနဲ့ချီတဲ့ အရာရှိတွေနဲ့ တပ်သားတွေဟာ လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့ သတင်းတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လောက်ကိုင်မှာပိတ်မိနေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသား ၅၀၀ ကျော်ကို မကြာမီက ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီထဲက ၁၇၄ ယောက်ကတော့ လူကုန်ကူးခံခဲ့ရသူတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်းမရှိခင် လောက်ကိုင်မှာ အွန်လိုင်းလိမ်လည် ရာဇဝတ်မှုတွေ လုပ်ကိုင်နေတဲ့ မိသားစုလေးစုအတွက် လုပ်ပေးနေရတဲ့ အောက်ခြေဝန်ထမ်း စုစုပေါင်း တသိန်းခန့်အထိ ရှိခဲ့တယ်လို့ ဖုန်တာရွှင်က ပြောကြောင်း ဧရာဝတီသတင်းမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ လိမ်ယူခဲ့ပြီးဖြစ်တဲ့ သူတို့ရဲ့ ပစ်မှတ်တွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တာကြောင့် အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ အများစုဟာ တရုတ်လူမျိုးတွေ သို့မဟုတ် တရုတ်စကားပြောသူတွေ ဖြစ်ကြပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် မကြာခင်ကပဲ မြန်မာစစ်တပ်လက်အောက်ခံ အာဏာပိုင်တွေဟာ အဲဒီလုပ်ငန်းတွေကို ဝင်ရောက်ဖမ်းဆီးတာတွေ၊ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့တာတွေ လုပ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်အစိုးရဆီကို လွှဲပြောင်းအပ်နှံခဲ့တဲ့ သံသယရှိသူ ၄၁,၀၀၀ ခန့်ရှိခဲ့ကြောင်း တရုတ်သတင်းတပုဒ်မှာ ဖော်ပြခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ချိန်မှာ အဲဒီ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေကို မြန်မာစစ်တပ်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ကယ်တင်သွားခဲ့တယ်လို့ ဖုန်တာရွှင်က ပြောပါတယ်။

MNDAA ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ထဲက တဖွဲ့ဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တိုက်ထုတ်နိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၇ ရက်နေ့ကနေ စတင်ကာ သူတို့သုံးဖွဲ့ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ မိသားစုလေးစုဖြစ်တဲ့ ပယ်၊ ဝေ နဲ့ လျူ ဆွေမျိုးစုနှစ်စုတို့ကို မြန်မာစစ်တပ်က အကာအကွယ်ပေးထားကြောင်း ဖုန်တာရွှင်က ပြောပါတယ်။

အဲဒီမိသားစုလေးစုကို ဦးဆောင်သူတွေဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်၊ ကိုကန့် နယ်ခြားစောင့်တပ်ခေါင်းဆောင် ဝေဆန်း၊ စစ်တပ်လက်အောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း လျူကောရှီနဲ့ လောက်ကိုင်မှာ အချမ်းသာဆုံးဖြစ်တဲ့ လျူကျန်း‌ရှောင်တို့ ဖြစ်ကြပါတယ်။

မြန်မာစစ်တပ်နဲ့ အဲဒီမိသားစုလေးစု ပူးပေါင်းပြီး မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်တာနဲ့ အွန်လိုင်းပေါ်မှာ လိမ်လည်မှု အမြောက်အမြား လုပ်တာတွေကို ကိုးကန့်ဒေသမှာ ၂၀၀၉ ခုနှစ်တည်းက ဆောင်ရွက်လာတာဖြစ်ပြီး အွန်လိုင်းလိမ်လည် ရာဇဝတ်မှုတွေ ဆုံစည်းရာဒေသ ဖြစ်လာအောင် သူတို့လုပ်ခဲ့ကြတာဖြစ်ကြောင်း ဖုန်တာရွှင်က ပြောပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်တွေထဲမှာ မြန်မာစစ်တပ်ကို အမြစ်ဖြတ်ရေးနဲ့အတူ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အမြစ်ဖြတ် တားဆီးရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေရဲ့ ခေါင်းဆောင်တွေကို မြန်မာစစ်တပ်က ရဟတ်ယာဉ်တွေနဲ့ သွားရောက်ကယ်တင်ခဲ့တယ်ဆိုတဲ့ ဖုန်တာရွှင်ရဲ့ စွပ်စွဲချက်ကို မြန်မာစစ်တပ်လက်အောက်ခံ သတင်းစာက သတင်းမှားဖြစ်တယ်လို့ ပြန်လည် ငြင်းဆန်ခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ ဖုန်တာရွှင်ရဲ့စွပ်စွဲချက် မထွက်ပေါ်လာမီတည်းက ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေအတွင်း ကိုးကန့်ဒေသရဲ့ ခေါင်းဆောင်စီးပွားရေးသမားတွေကို စစ်တပ်က ကယ်ဆယ်ပြီး နေပြည်တော်ကို ပို့ပေးခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပြီးဖြစ်ပါတယ်။

လောက်ကိုင်မှာ အွန်လိုင်းလိမ်လည်ရာဇဝတ်မှုတွေကို အကြီးအကျယ် နှိမ်နင်းနေစဉ် တော်ဝင်ထိုင်းတပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး ဂျက်ကပွန် ဂျန်ပမ်းပန်ဟာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှိမ်နင်းခံခဲ့ရတဲ့ အဲဒီ အွန်လိုင်းလိမ်လည်ရာဇဝတ်မှု လုပ်ငန်းတွေဟာ မြန်မာ-ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်းလာမှာကို စိုးရိမ်ကြောင်း အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တယ်လို့ သိရပါတယ်။

လျူနဲ့ ပယ် မျိုးနွယ်စုတွေဟာ မြန်မာစစ်အာဏာရှင်တွေနဲ့ မိတ်ဘက်တွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် အခြေချလှုပ်ရှားတဲ့ ကရင်ပြည်နယ် မြဝတီမြို့အနီးနဲ့ ကမ္ဘောဒီးယားမှာ ကာစီနို လောင်းကစားရုံတွေနဲ့ အွန်လိုင်းလိမ်လည်ရာဇဝတ်မှုတွေ ဆောင်ရွက်ဖို့ ရာဇဝတ်မှုဇုန်တွေ တည်ဆောက်ထားကြောင်း ဧရာဝတီရဲ့သတင်းက ပြောပါတယ်။

တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ကေကေပါ့ခ်နဲ့ ရွှေကုက္ကိုယ် မြို့သစ်စီမံကိန်း နှစ်ခုဟာ မြဝတီမြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်တွေမှာ တည်ရှိပြီး အဲဒီနှစ်မြို့ဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ ဆိုက်ဘာလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နာမည်ကျော် ရာဇဝတ်မှုဇုန်တွေလည်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ ဆိုက်ဘာလိမ်လည်မှုတွေ ဆောင်ရွက်နေတဲ့ အကြီးဆုံး ရာဇဝတ်မှုဇုန် ဖြစ်တဲ့ ကေကေပါ့ခ်ကို မြန်မာစစ်အာဏာရှင်တွေက အကာအကွယ်ပေးနေဆဲဖြစ်ကြောင်း ဖုန်တာရွှင်က ပြောခဲ့ပါတယ်။

ဘာသာပြန်- ဥဿာဆန်း

(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားတဲ့ Myanmar military ‘protected copy4bn scam hub’ သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024