မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ စတော့ဈေးကွက်တန်ဖိုးဟာ ဇန်နဝါရီ ၁၂ ရက် ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အက်ပဲလ်ကုမ္ပဏီထက် မြင့်မားခဲ့ပြီး ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးကုမ္ပဏီ နေရာကို ရယူနိုင်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
သောကြာနေ့က အက်ပဲလ်က ၀ ဒသမ ၂ ရာခိုင်နှုန်းပဲတက်ပြီး မိုက်ခရိုဆော့ဖ်က ၁ ရာခိုင်နှုန်း တက်တာကြောင့် မိုက်ခရိုဆော့ဖ်ရဲ့ စျေးကွက် မတည်ရင်းနှီးငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၈၇ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။
အက်ပဲလ်ကုမ္ပဏီရဲ့ တန်ဖိုးကတော့ ၂ ဒသမ ၈၇၅ ဘီလီယံရှိပါတယ်။ စမတ်ဖုန်း ဝယ်လိုအား ကျဆင်းလာမှုအပေါ် ပူပန်မှုကြောင့် အက်ပဲလ်ရှယ်ယာတန်ဖိုးဟာ ၂၀၂၄ နှစ်စမှာ ၃ ရာခိုင်နှုန်းတောင် ကျလာခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ်ကတော့ ChatGPT ကိုဖန်တီးတဲ့ OpenAI မှာ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ အသိဉာဏ်တု (AI) နည်းပညာနယ်ပယ်မှာ ရှေ့တန်းရောက်လာတာနဲ့ အတူ ရှယ်ယာတန်ဖိုး တက်လာတာပါ။
မိုက်ခရိုဆော့ဖ်ဟာ OpenAI ရဲ့နည်းပညာကို သူ့ဆော့ဖ်ဝဲတွေမှာ ပေါင်းစပ်လိုက်ပြီးတဲ့နောက် ဇူလိုင်-စက်တင်ဘာ သုံးလပတ်မှာ Cloud Computing နယ်ပယ်မှာပါ ပြန်အားကောင်းလာခဲ့ပါတယ်။
သူ့ AI နည်းပညာဟာ ကွန်ရက်အချက်အလက်ရှာဖွေမှုနယ်ပယ်မှာ ဂူးဂဲလ်ရဲ့ လွှမ်းမိုးမှုကိုပါ စိန်ခေါ်နိုင်ဖို့ အခွင့်အလမ်း ရလာခဲ့ပါတယ်။
တချိန်တည်းမှာ အက်ပဲလ်ကုမ္ပဏီတော့ သူ့ဝင်ငွေအဓိကရလမ်းဖြစ်တဲ့ အိုင်ဖုန်းဝယ်လိုအား ကျလာခဲ့ပါတယ်။
အက်ပဲလ်ရဲ့အဓိက ဈေးကွက်တစ်ခုဖြစ်တဲ့ တရုတ်မှာ ကိုဗစ်ကနေ စီးပွားရေး နာလန်ထူမှု နှေးကွေးနေတာအပြင် ဟွားဝေကုမ္ပဏီ တစ်ကျော့ပြန်အားကောင်းလာမှုကြောင့် ရောင်းအား သိသိသာသာ ကျလာပါတယ်။
အက်ပဲလ်ရဲ့ ဗွီးရှင်းပရိုလို့ခေါ်တဲ့ ပကတိနဲ့ ပုံရိပ်ယောင်ပေါင်းစပ်ထားတဲ့ ခေါင်းစွပ်မျက်မှန် ကိရိယာသစ်ကလည်း စျေးကွက်မှာ လုံးဝ မျက်နှာပန်းမလှခဲ့ပါဘူး။
Source/Photo - REUTERS/Dado Ruvic/Illustration