အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးဟာ ပါလက်စတိုင်းလူမျိုးတွေကို လူမျိုးတုံး သတ်ဖြတ်ရာရောက်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထား တဲ့အမှုနဲ့ပတ်သက်ပြီး ကနဦးကြားနာမှု ဒုတိယနေ့အဖြစ် ဇန်နဝါရီ ၁၂ ရက်နေ့က အစ္စရေး ကိုယ်စားလှယ်တွေက ခုခံချေပခဲ့ပါတယ်။
အခြေအမြစ်မရှိတဲ့ အမှုကို ရုပ်သိမ်းပေးဖို့နဲ့ ထိုးစစ်ရပ်တန့်ဖို့ အမိန့်ထုတ်ပေးပါ ဆိုတဲ့ တောင်အာဖရိကရဲ့ ကြားဖြတ်အမိန့်တောင်းဆိုချက်ကို ပယ်ချပေးဖို့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ အစ္စရေးဘက်က ကိုယ်စားလှယ်တွေ တင်ပြပါတယ်။
တောင်အာဖရိကရဲ့ စွပ်စွဲချက်ဟာ မမှန်ကန်ဘဲ ဆိုးဆိုးရွားရွားပုံဖျက်ထားသာ ဖြစ်တယ်လို့ အစ္စရေးဘက်က ချေပပါတယ်။
အစ္စရေးဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေတာသာဖြစ်ပြီး ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်တာသာသာဖြစ်တယ် ပါလက်စတိုင်းပြည်သူတွေကို တိုက်ခိုက်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အမှုစွဲတင်စဉ်မှာ တရားလိုတောင်အာဖရိကနဲ့ တရားပြိုင်အကြားမှာ ပဋိပက္ခမရှိတဲ့အတွက် မြင်ရုံနဲ့ ဥပဒေကြောင်းအရ လုံလောက်စွာစွဲတင်နိုင်တဲ့ စီရင်ပိုင်ခွင့် ရုံးတော်မှာမရှိကြောင်း တရားစွဲဆိုမှု အကြောင်းခြင်းရာကလည်း ဂျီနိုဆိုက်ကွန်ဗင်းရှင်းနဲ့ အကျုံးမဝင်ဘူးလို့ အစ္စရေး ဒုရှေ့နေချုပ် ဂီးလက်ဒ်နိုအမ်က လျှောက်လဲပါတယ်။
“အစ္စရေးရော၊ ပါလက်စတိုင်း အရပ်သားတွေပါ တုန်လှုပ်ချောက်ချားဖွယ် အတိဒုက္ခခံစားနေရတာမှာ ပထမဆုံးနဲ့ အဓိကအကျဆုံးက ဟားမတ်စ်ရဲ့ မဟာဗျူဟာ ဖြစ်ပါတယ်။ ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုရင်လည်း အစ္စရေးကို သူတို့က ကျူးလွန်တာပါ။ အစ္စရေးကို လူမျိုးတုံးသတ်ဖို့ ဟားမတ်စ်က ကြိုးပမ်းတာပါ”လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဥပဒေအကြံပေး တဲလ်ဘက်ကာက လျှောက်လဲခဲ့ပါတယ်။
Source/Photo - REUTERS/Thilo Schmuelgen