ကမ္ဘာ့နိုင်ငံပေါင်း ၁၉၁ နိုင်ငံအထိ ဗီဇာမလိုဘဲသွားနိုင်တဲ့ နိုင်ငံပတ်စ်ပို့စ်တွေထဲမှာ ဥရောပက ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်နဲ့ အာရှက စင်ကာပူနဲ့ ဂျပန်က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
နှစ်စဉ်ထုတ်ပြန်နေကျ ဟန်လေပတ်စ်ပို့အညွှန်းကိန်းလို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ ပါဝါအရှိဆုံးနဲ့ အားအနည်းဆုံး ပတ်စ်ပို့စာရင်းကို ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံတွေအကြား ကွာဟချက် ပိုမိုကြီးမားလာတာကို တွေ့ရတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
၂၈ နိုင်ငံသာ ဗီဇာမလိုဘဲ သွားနိုင်တဲ့ အာဖဂန်နစ္စတန်က အောက်ဆုံးမှာ ရပ်တည်နေပြီး ဆီးရီးယား၊ အီရတ်၊ ပါကစ္စတန်၊ ယီမင်တို့ကလည်း အောက်ကနေစရေတွက်ရင် အစဉ်လိုက် ရှိနေပါတယ်။
၄၈ နိုင်ငံပဲ ဗီဇာမလိုဘဲ သွားလို့ရတဲ့ မြန်မာနိုင်ငံတော့ အောက်ဆုံးရဲ့ အပေါ်နားမှာ အဆင့် ၉၂ နဲ့ ရပ်တည်နေပါတယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ်က ထိပ်ဆုံးမှာရှိခဲ့တဲ့ အမေရိကန်တောင် အခုအခါမှာ ကနေဒါ၊ ဟန်ဂေရီတို့နဲ့အတူ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
ကမ္ဘာတဝန်း ခရီးသွားလာမှုကန့်သတ်ချက်တွေ လျှော့ကျလာပေမဲ့ ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံအကြား မညီမျှမှုကတော့ ပိုတိုးလာနေပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေက စီးပွားရေးအရ၊ လုံခြုံရေးအရ အန္တရာယ်ရှိတဲ့၊ ဆင်းရဲတဲ့နိုင်ငံတွေကို ဖယ်ကြဉ်တဲ့မူဝါဒမျိုးတွေကို ကျင့်သုံးတာကြောင့် မွေးတဲ့နေရာကို လိုက်ပြီး အထက်တန်းလွှာ၊ အောက်တန်းလွှာ ခွဲခြားသတ်မှတ်သလို ဖြစ်လာတာလို့ ဝါရှင်တန်ပို့စ်သတင်းစာက ဒတ်ချ်ပါမောက္ခတွေရဲ့ သုတေသနကို ကိုးကားဖော်ပြပါတယ်။
Source/Photo - Reuters