(က)
" ရဲရဲတောက် ဒို့မြန်မာတွေ သတ္တိခဲတွေ . . . ရာဇဝင်ထိုးလောက်အောင်စွမ်းပေ
ဒို့တိုင်း ဒို့ပြည် . . . လွတ်လပ်ရေးကို အာဇာနည်သွေးတွေ အရိုးကြေကြေ ဒို့ ပြေ . . . ဒို့ မြေ. . . ခေတ်ဆွေးကို ပြောင်းပြန် ခေတ်သစ်ကို စီမံ လွတ်လပ်ဖို့ အဓိဋ္ဌာန် ညီစေနော် ဒို့ရဲဘော် ချီတက်ကြစို့ တူပျော်ပျော် ဘယ် ညာ . . . ဘယ် ညာ . . .
မြန်မာပြေ ငါတို့ပြေ မြန်မာမြေ ငါတို့မြေ ခင်ခင်မင်မင် အမျိုးကိုစောင့်ကြ ဘယ် ညာ . . . ဘယ် ညာ . . . လာပြီလေ သာကီဆွေ ဒီအချိန်ခါ ညီညာစေ မြန်မာဆို ဓားကိုစွဲလို့ ထွက်ဖို့တော်ပြီလေ . ။"
အဘစောမူးသာတို့ အိမ်ခြံဝင်းကြီးနားအရောက်မှာ သည်သီချင်းသံကို ကြားလိုက်ရ၍ အနည်းငယ်အံ့သြမိပါ၏။ အဘယ်ကြောင့်ဆိုသော် TV က လာနေတာမဟုတ်ဘဲ အဘစောမူးသာက ဂစ်တာလေး သာသာခေါက်ကာ အဘလုံးတုံး၏ ဘယ်သံဝါဝါကြီးဖြင့် သီဆိုနေသံကြီး ဖြစ်နေ၍ဖြစ်ပါပေလေ၏ ခင်ဗျာ။
ရေနွေးကြမ်းဝိုင်းရှိရာ မန်ကျည်းပင်အိုကြီးအောက်မတော့ အဘစောမူးသာနဲ့ အတူ စစ်ပြန်ကြီး အဘလုံးတုံးရယ် စိမ်းသရဖူစိမ်း အဘစိမ်းမောင်ရယ် တွေ့ရပါလေ၏။ အဘစောမူးသာက ဂစ်တာ
တီးနေရင်း ဖေကြီးကို လှမ်း၍ ပြုံးဖြဲဖြဲလုပ်ပြလေရာ တစ်ခုခုတော့ တစ်ခုခု ပဲဟု မှန်းဆမိပါလေ၏။
"ကောင်းတယ် မူးသာရာ . . . ဒီလိုအချိန်မှာ ဒီလို ဇာတိမာန်တက်ကြွဖွယ်ရာ စစ်ချီတေးကိုကြားလိုက်ရတော့ အားအင်တွေ ပြည့်လာသလိုပဲကွ "
"ဟုတ်လားဟ စိမ်းမောင်ရ . . တပ်ကြပ်ကြီးလုံးတုံးက သူစစ်တက္ကသိုလ်မှာ တာဝန်ကျခဲ့စဉ်က ဗိုလ်လောင်းတွေ မနက်ခင်း စာသင်ဆောင်ကိုသွားရင် သံပြိုင်သီဆိုခဲ့တဲ့သီချင်းတွေထဲက ဒီအပုဒ်ကို ဒီမနက်ဆိုချင်တယ်ပြောလို့ တီးပေးတာဟ "
" ကောင်းတယ် . . . ကောင်းတယ် . . . မင်းတို့ ဆိုတီးနေတာ နားထောင်နေရင်း တပ်မတော်သားတွေ ရှေ့တန်းစစ်မြေပြင်မှာ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်နေပုံတွေကို မျက်စိထဲမှာ မြင်ယောင်လာတယ်ကွ "
" ဝါး . . ဟားဟား ဟားဟား ဟားဟား "
အဘစောမူးသာနဲ့ အဘလုံးတုံးတို့က ရုတ်တရက်ကြီး ရယ်ချလိုက်ကြလေရာ အဘစိမ်းမောင်မှာ ကြောင်အမ်းအမ်းကြီးဖြစ်သွားကာ " ဘာဖြစ်လို့ ထရယ်ကြတာလဲဟ" ဟု မေးပါလေ၏။
"မင်းက ဒီသီချင်းနားထောင်ရင်း ကြင်စိုး သာ၀ မအလရဲ့ လက်ပါးစေ ဖက်ဆစ်တပ်သားတွေကို သွားပြီးမြင်ယောင်နေတာကိုး"
" အေးလေကွာ . . . ဘာဖြစ်လို့လဲ "
" ငါတို့တွေကတော့ နိဂုံးချုပ်ကာနီး မအလရဲ့တပ်တွေကို မမြင်ဘဲ ဖက်ဆစ်တွေကို အပြုတ်နှံနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDFတွေနဲ့ တိုင်းရင်းသားညီအစ်ကိုတပ်ပေါင်းစုကြီး
ကိုသာ စိတ်မျက်စိထဲမှာ မြင်ယောင်ပြီး ခံစားသီဆိုနေကြတာဟ ဘဘစိမ်းရ "
" ဟေ . . . . . . "
" ဒါဟာ တိုင်းပြည်ကပိုင်တဲ့သီချင်း၊ အခုအချိန်မှာ ဒီသီချင်းနဲ့လိုက်ဖက်တဲ့သူတွေကလည်း ပြည်သူကို ကာကွယ်စောင့်ရှောက်နေကြတဲ့' ပြည်သူ့ကာကွယ်ရေးတပ်တွေ ' ပဲ ရှိတာ "
" အဲ . . . . . "
"ခေတ်ဆွေးကို ပြောင်းပြန် ခေတ်သစ်ကို စီမံလွတ်လပ်ဖို့ အဓိဋ္ဌာန် ညီစေနော် ဒို့ရဲဘော်
ချီတက်ကြစို့ တူပျော်ပျော် ဘယ် ညာ . . . ဘယ် ညာ "
" ဟားဟား ဟားဟား ဟားဟား ဟား "
(ခ)
စစ်ပြန်ကြီးအဘလုံးတုံးကား မြန်ပြည်အနှံ့ အပြားက တပ်တွေမှာ တာဝန်ထမ်းဖူးသူ၊ DSA စစ်တက္ကသိုလ်မှာလည်း သုံးလေးနှစ်ကြာခဲ့သူ၊ တပ်ထဲကအကြောင်းတွေကို အ ကြောင်းတိုက်ဆိုင်ရင် ပြောပြတတ်သူ။
" DSA မှာ ဗိုလ်လောင်းတပ်ခွဲတွေက မနက်စောစော ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေလုပ်ပြီးလို့ ဘရိတ်ဖတ်စ်စားပြီးရင် စာသင်ဆောင်တွေကိုသွားတဲ့အခါ အဲသည် လို စစ်ချီတေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုပြီး သွားကြရတာကွ "
" အင်း . . . "
" သူတို့က ရှေ့ကသွားရပြီး ငါတို့ဘင်ခရာတီးဝိုင်းက နောက်နားကနေ ကပ်လိုက်ပြီး တီးမှုတ်ပေးကြရတာ "
" အင်း . . . မင်းပြောဘူးတဲ့အထဲမှာ ' စစ်တက္ကသိုလ်ရဲ့ဆောင်ပုဒ် ' ကလေးပါတယ် ကွာ . . ဘာတဲ့”
"အေး . . . DSA ရဲ့ဆောင်ပုဒ်က ' Never Surrender ' ကွ၊ ' ဘယ်တော့မှ လက်နက် မချဘူးဟေ့ ' လို့ ဆိုလိုတာပေါ့ မူးသာရ "
" ဟား ဟား ဟား ဟား ဟား ဟား ဟား "
" မင်းက ဘာထရယ်ပြန်တာလဲ မူးသာရ "
" သြော် . . အဲသည်ဆောင်ပုဒ်ကလေးကို သဘောကျလွန်းလို့ပါကွာ၊ အခုဆိုရင် ကြင်စိုးရဲ့ခါးပိုက်ဆောင်ကောင်တွေ ရှေ့တန်း စစ်မျက်နှာအသီးသီးမှာ ဟိုးအောက်ခြေ ရဲ ဘော်ကအစ ဟိုးအထက် DSA ဆင်း တပ်မမှူး ဗိုလ်မှူးချုပ်တွေအထိ ' လက်နက်ချ ' အညံ့ခံနေကြတာမြင်ရတော့ ရယ်ချင်လို့ "
" ဟားဟား ဟားဟား ဟားဟား . . . . . "
အားလုံး ပေါ့ပေါ့ပါးပါး ရယ်မောနေကြချိန်မှာ အဘစိမ်းမောင်ကား ရှုတည်တည်ကြီး။ အရွှင်အဘတွေက သူ့ကို " တပ်ရင်းလိုက်တွေ လက်နက်ချနေကြတာ မင်းမြင်လား " ဟုမေးပါလေ၏။ သူကလည်း ဖြေပါ၏။
" အေး . . . မြင်တယ်ကွ . . . ဒါပေမဲ့ အဲဒါ အရှုံးပေးတာမဟုတ်ဘူး၊ စစ်သည် တွေနဲ့ မိသားစုတွေ ထိခိုက်မှာစိုးရိမ်လို့ လက်နက်တွေထားခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာခြင်းဗျူဟာတဲ့ကွ "
" မင်း ဘယ်သူပြောလဲ "
"ဘယ်သူကမလဲကွ . . . တပ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ်ဇော်မဲ . . . အဲ . . . အဲ . . . ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ ရှင်းလင်းတင်ပြတာလေကွာ "
" ဝါး . . ဟားဟား ဟားဟား ဟားဟား "
" ဘာရယ်တာလဲ ဟေ့ကောင်တွေ "
" သူတို့ပြောတာကို သဘောကျလို့ပါကွာ "
" . . . . . . "
" အခု လောက်ကိုင်တို့ ရခိုင်တို့ ဘာတို့မှာခံမတိုက်တော့ပဲ တပ်ရင်းလိုက်ကြီးတွေ တပ်ရင်းလိုက်ကြီးတွေ လက်နက်တွေတာတွေကြတော့ စစ်သည်တွေကော မိသားစုတွေပါ အ သက်ချမ်းသာရာရကြတယ် ဆိုပါတော့ "
" အေးပေါ့ကွ . . . ဒါဟာ တပ်ချုပ်ကြီးရဲ့ အမြော်အမြင်ကြီးမားမှုပေါ့ မူးသာရာ "
" အေးကွ . . . အဲသည်အစဉ်အလာကို ကျန်တဲ့ ပြည်နယ်နဲ့တိုင်း ဒေသအသီးသီး မှာလည်း မအလတပ်တွေ လိုက်နာကျင့် သုံးသင့်တယ်ကွ "
" အေး . . . အဲ . . . "
" တကယ်လို့ ပြင်ဦးလွင်တို့ လားရှိုးတို့၊ နောက်ဆုံးခံတပ် နေပြည်တော်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ရောက်လာပြီဆိုရင်လည်း မအလရဲ့ လက်ပါးစေတပ် တွေအနေနဲ့ ကျည်တစ်ချက်မှ မဖောက်ပဲအေးအေးဆေးဆေး လက်နက်ကလေး တွေအသာချလို့ ကိုယ့်အသက်ကို ကိုယ်ရှာကြံမွေးကြမယ် ဆိုပါတော့ "
" အင်း . . . အဲ . . . "
" လာပြီလေ ဘာမထီတွေ သည်အချိန်အခါ ညီ ညာစေ အတူတူလေ သေနတ်ကိုချလို့ ပြေးဖို့တော်ပြီလေ . . . "
" ဝါး . . ဟားဟား ဟားဟား ဟားဟား "
(ဂ)
ကြင်စိုး သာ၀ မအလ၏ နောက်ဆုံးနိဂုံးချုပ်မည့် ရက်ကား နီးကပ်လာချေပြီဟုသုံးသပ်ကြပါ၏။ မအလဟာ သူ့လက်ပါးစေ ဖက်ဆစ်တပ်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဘယ်လိုမှ မနိုင်တော့ဘူးဆိုတာကို သဘောပေါက်သွားခဲ့ရင်တော့ " စားပွဲဝိုင်းဆွေးနွေးပွဲ " လုပ်ကြရအောင်ဟု အရှက်ကင်းမဲ့စွာ ကမ်းလှမ်းလာနိုင်သည်ဟု ယူဆကြပါ၏။
" အခုလည်း သဘောတော့ ပေါက်နေပါပြီကွာ၊ ဒါပေမဲ့' ဟန်ကိုယ့်ဖို့ ' လုပ်ပြီး သူတို့ကပဲ အပေါ်စီးကလိုလို အနိုင်ရနေ သလိုလိုပုံစံ သောက်ချိုးချိုးနေတုန်း "
" ဟားဟား ဟားဟား ဟားဟား . . . "
" ဒီကြားထဲရက်တွေမှာ ဒီကောင်တွေရဲ့ သောက်ကျင့်အတိုင်း မဟုတ်တာတွေလုပ် လာလိမ့်အုံးမှာ တော့ မြင်ယောင်သေးတယ်"
" ဘယ်လိုဟာမျိုးတွေလဲ အဘ "
"ဒီကောင်တွေဟာ လုံးဝအကျပ်အတည်းဆိုက်ပြီဆိုရင် ' ဘာသာရေး ' အဓိကရုဏ်း ဖြစ်အောင် ဖန်တီးတတ်တယ်၊ ' လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် ဖန်တီးတတ်တယ် "
" မူးသာပြောတာဟုတ်တယ်ကွ၊ ဗိုလ်နေဝင်းလည်း ဖန်တီးခဲ့တယ်၊ ဗိုလ်သန်းရွှေလည်း ဖန်တီးခဲ့တယ်၊ ' တရုတ် - ဗမာ ' ရိုက်ပွဲတို့၊ ' ဗုဒ္ဓဘာသာ ' ကိုယ်းကွယ်သူတွေနဲ့ ' အစ္စ
လာမ်ဘာသာ ' ကိုးကွယ်သူတွေကြားမှာ ပြဿ နာကြီးတွေ ဖြစ်လာအောင် မီးမွှေးတာတို့ ဘာတို့ပေါ့ ဖေကြီးရာ "
" အင်း . . . "
" အဲဒါတွေကိုတော့ ပြည်သူတွေ သတိကြီးကြီးထားပြီး သူတို့ တွန်းပို့မယ့်လမ်းကြောင်း ထဲကို သွေးဆူ သတိလွတ်ပြီး မျောပါမသွားဖို့ အရေးကြီးသဟ "
" လုံးတုံးရယ် . . . ပြည်သူလူထုက ဒင်းတို့ ဖန်တီးချက်တွေကို နောကျေနေပါပြီဟာ၊ မအလအယုတ်တမာကောင်တွေ ဘယ်ခြေလှမ်း ဘယ်လိုလှမ်းလာမယ်ဆိုတာကို သ ဘောပေါက်နေလို့ မစိုးရိမ်ပါနဲ့ကွာ "
" ဟားဟား ဟားဟား ဟားဟား ဟား "
ဤသို့ဖြင့် ဒီကနေ့ ရေနွေးကြမ်းဝိုင်းမှာ ကြင်စိုး သာ၀ မအလ၏ အလွန်နီးကပ်နေပြီဖြစ် သည့် နောက်ဆုံးရက်ကို တွက်ဆခဲ့ကြပါလေ၏။ အာဏာရူး လူယုတ်မာ မအလ ကား သူ၏ ရှေ့ဆောင်နွားလား လမ်းပြ အာဏာရှင်နောင်တော်ကြီးများထဲမှ မည်သူ၏အဖြစ်နှင့် တူညီလေမလဲ ဆိုတာကိုပါ မှန်းဆကြည့်ကြပါလေ၏။
" ' ဆက်ဒန်ဟူစိန်' လို ထွက်ပြေးရင်း မြေတွင်းကျဉ်းကျဉ်းလေးထဲမှာ ဝင်ပုန်းနေတုန်း အဖမ်းခံရပြီး အမှုတွေတသီတတန်း ကြီးစစ်ဆေးကာ ကြိုးပေးခံရမလား "
" အင်း . . . "
" ' ဘင်လာဒင် ' လို ကျောက်ဆောင်ကြို ကျောက်ဆောင်ကြားက အထူးလျှို့ဝှက် အိမ်မှာ ညဘက်ကြီး ဝင်အစီးခံရပြီး တစ်ခါထဲ အသေပစ်သတ်ခံရမလား "
" အေး . . . "
" ' ကဒါဖီ ' လို နန်းတော်ထဲကနေ ခြေကုန်သုတ်အပြေး လမ်းပေါ်လည်းရောက်ကရော ပြည်သူလူထုက တွေ့တာနဲ့ ဝိုင်းဖမ်းချုပ် ဝိုင်းဝန်း ထိုးနှက် ကန်ကြောက် ဓားတွေနဲ့ ထိုး တုတ်တွေနဲ့အရိုက်ခံရပြီး နေရာမှာတင်' ပွဲချင်းပြီး ' မလားဆိုတာ စောင့်ကြည့်ရမဟ "
" ' ဒါမှမဟုတ်ရင်လည်း ' ဟစ်တလာ ' လိုမျိုး သူ့မိန်းမကော သူ့သားသမီးတွေနဲ့ သူ့အချစ်တော်ခွေးကြီးကိုပါသတ်ပြီး ကိုယ့်ကိုယ် ကိုယ် နားထင်ကို သေနတ်နဲ့တေ့ပစ်ပြီးပဲ နိဂုံးချုပ်မလား "
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
စကားဝိုင်းကား နိဂုံးချုပ်လေပြီ။ အဘစော မူးသာက ဂစ်တာလေးကိုအသာမကာ တို့ထိတီးခတ်ရင်း သီချင်းလေးညည်းကာ ပိတ် သိမ်းလိုက်ပါလေတော့၏ ခင်ဗျာ။
" ပုတက်တက် ဂျပုငကြင်လေ သတ္တိ မွဲပေ . . . ရာဇဝင်ထိုးလောက်အောင် ရမ်းပေ
ဒို့တိုင်း ဒို့ပြည် . . . လှနေသားကို အာဏာရှင်သွေးတွေ အဆိုးပေတေ သတ်နေ . . . ဖြတ်နေ . . .
ခေတ်ကောင်းကို ပြောင်းပြန် ခေတ်ညစ်ကို စီမံ လွှတ်သတ်ဖို့ သူဓိဋ္ဌာန်
ညီလေသနော် သူ့ရဲဘော် လက်နက်ချလို့ တူပျော်ပျော် ဘယ် ညာ . . . ဘယ် ညာ . . .
မြန်ပါသလေ သူတို့တတွေ အမြင်မှန်သလေ သူတို့တတွေ သာသာယာယာ အချိုးကို ပြောင်းကြ
ဘယ် ညာ . . . ဘယ် ညာ . . .
လာပြီလေ မနာပြီဟေ ဒီအချိန်ခါ ညီညာစေ မြန်မြန်လာ သေနတ်ကိုချလို့
ပြေးဖို့တော်ပြီလေ . . . "
ဖေကြီး(လေရှီး)