မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို ဇန်နဝါရီ ၁၂ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက် ၈ နာရီခွဲဝန်းကျင်လောက်မှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုစက်ရုံ အမှတ် ၂၄ အခြေစိုက် စစ်ကောင်စီတပ်က ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို တိုက်ပွဲမဖြစ်ဘဲ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာလို့ ဆိုပါတယ်။
လက်နက်ကြီးတလုံးဟာ ပေါက်မြို့နယ်အရှေ့ပိုင်းက အင်းယာကျေးရွာက ပြည်သူ နေအိမ်တလုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ရှင်အမျိုးသမီး ၁ ယောက် ဝမ်းဗိုက်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
ပြီးတော့ ကျောင်းအဆင်း အိမ်ပြန်လာတဲ့ ကလေး ၁ ယောက်ကတော့ လက်နက်ကြီးအပိုင်းအစတွေ ထိမှန်ခဲ့လို့ ခြေထောက်ပြတ်ထွက်သွားပြီး နောက်ကလေး ၁ ယောက်ကတော့ လည်ပင်းဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
အင်းယာကျေးရွာဒေသခံတယောက်က “ပထမ ၁ လုံး စပစ်တော့ ကျောင်းဆင်း ပေးလိုက်တာပါ။ အဲမှာ ကျောင်းသားလေး ၂ ယောက်က နောက်အလုံးကျတဲ့ အိမ်ရှေ့မှာ ရောက်နေမိလျက်သား ဖြစ်သွားတာပါ။ မူလတန်းအရွယ်လေးတွေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုစက်ရုံ အမှတ် ၂၄ အခြေစိုက် စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်ထဲက ကျေးရွာတွေဆီကို တရက်ကို လက်နက်ကြီး အနည်းဆုံး ၃ လုံး ပစ်ခတ်မယ်လို့ သတင်းတွေထွက်နေပြီး ကျောင်းတွေဖွင့်လှစ်ဖို့၊ လယ်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။