နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့က ကြံတင်လာတဲ့ ၆ ဘီးကားတစီး တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၁ ယောက်သေဆုံး၊ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ နေပြည်တော် ကရုဏာရှင် လူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။
မွန်းလွဲ ၁ နာရီလောက်က ပုဗ္ဗသီရိမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာအနီးကွေ့မှာ ကြံတွေတင်လာတဲ့ ၆ ဘီးကားဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားပြီး ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့သလို အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကရုဏာရှင်လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “ကြံခင်းကနေ ကြံတွေ တင်လာတဲ့ကားက အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာပါ။ ကားမောင်းသမားကတော့ အရက်သောက်ထားပြီး မူးနေတယ်။ ကားမှောက်တဲ့နေရာမှာပဲ အသက် ၃၈ နှစ်အရွယ် အမျိုးသားက ပွဲချင်းပြီးသေသွားတယ်။ ၆ ယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိတယ်” လို့ ပြောပါတယ်။
သေဆုံးအမျိုးသားနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကရုဏာရှင်လူမှုကူညီရေးအသင်းက နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဒိုးပင်ခုံးလမ်းဆုံမှာ ဒီဇင်ဘာ ၃၁ နေ့ညကလည်း ၁၂ ဘီးကားကို ကားသေးတစီးက ဝင်တိုက်ပြီး ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။