အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ပင်လယ်နီရှိ သင်္ဘောတွေကို တိုက်ခိုက်ခြင်းအပေါ် တုံ့ပြန်တဲ့အနေနဲ့ ယီမင်ရှိ ဟူသီအဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ညလုံးပေါက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ တိုက်ခိုက်မှု ၇၃ မှု ဖြစ်ပွားခဲ့ပြီး အဲဒီအဖွဲ့မှ တိုက်ခိုက်ရေးသမား ၅ ဦး သေဆုံးပြီး တခြား ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ပြစ်ဒဏ် ပြန်မပေးဘဲ၊ လက်တုံ့မပြန်ရဘဲ မပြီးဆုံးသွားဘူးလို့လည်း ပြောကြားလိုက်ပြီး သူတို့ဟာ အစ္စရေးဖက်ကို ဦးတည်သွားတဲ့ သင်္ဘောတွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
ယီမင်ရှိ ရိုက်တာ မျက်မြင်သက်သေတွေဟာ နိုင်ငံတဝှမ်းမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဆာနားလေဆိပ်နဲ့ ကပ်လျက်ရှိ စစ်စခန်းတခု၊ တိုင်းယက်ဇ်လေဆိပ်အနီးရှိ စစ်စခန်းတခု၊ ဟိုဒေးဒါမြို့ရှိ ဟူသီရေတပ်စခန်းနဲ့ ဟာ့ဂျ်ဂျာ အုပ်ချုပ်ရေးဒေသရှိ စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆယ်နှစ်ကျော်လောက် ယီမင်နိုင်ငံက နေရာအများစုကို သိမ်းပိုက်ခဲ့တဲ့ လက်နက်ကိုင် ဟူသီအဖွဲ့ ဟာ ဟားမတ်စ်ကို ထောက်ခံတဲ့အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက ကမ္ဘာ့အစည်ကားဆုံး ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်တဲ့ ပင်လယ်နီမှာ ပြေးဆွဲနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်တာလို့ အတိအလင်း ပြောထားတာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း “အမေရိကန်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့လူတွေ အပေါ် တိုက်ခိုက်နေမှုတွေကို သည်းခံမှာ မဟုတ်ဘဲ၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အနှောက်အယှက်ဖြစ်အောင် ရန်လိုမှုတွေကိုလည်း ခွင့်ပြုမှာ မဟုတ်ကြောင်း” ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေဟာ သင်္ဘောတွေကို ကာကွယ်ဖို့ အဲဒီဒေသမှာ ရေတပ်တာဝန်ရှိ တပ်ဖွဲ့တဖွဲ့ကို ဖြန့်ကျက်ချထားခဲ့ပြီး အမေရိကန်နဲ့ ဗြိတိန် စစ်သင်္ဘောတွေဟာ အခုချိန်အထိ အကြီးမားဆုံး ဟူသီတိုက်ခိုက်မှုကို တွန်းလှန်တဲ့အနေနဲ့ အင်္ဂါနေ့က ဒရုန်းတွေနဲ့ ဒုံးကျည် ၂၁ စင်းကို ပစ်ချခဲ့ပါတယ်။
ဟူသီနဲ့ ဟားမတ်စ်တွေအပါအဝင် အရှေ့အလယ်ပိုင်း တဝိုက်ရှိ လက်နက်ကိုင်အဖွဲ့တွေကို ပံ့ပိုးနေတဲ့ အီရန်ကတော့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။
ဟူသီပြောရေးဆိုခွင့်ရှိသူတဦးက အဲဒီတိုက်ခိုက်မှုအတွက် အကြောင်းပြချက် မရှိဘူး လို့ ပြောကြား ခဲ့ပါတယ်။
Source/Photo - Reuters