မွန်ပြည်နယ်မှာ စိုက်ပျိုးစရိတ်ချေးငွေတွေ မကျေသေးတဲ့ တောင်သူတွေကို စိုက်ဘဏ်က ချေးငွေအသစ် မထုတ်ပေးဘဲ တရားစွဲမယ်လို့ဆိုကြောင်း စပါးစိုက်တောင်သူတွေက ပြောပါတယ်။
စပါးစိုက်တောင်သူတွေဟာ သွင်းအားစုစရိတ် ကြီးမြင့်တာအပြင် ရာသီဥတု ဖောက်ပြန်တာတွေနဲ့ စစ်ပွဲတွေကြောင့် အရှုံးပေါ်ကြပြီး စိုက်ပျိုးရေးချေးငွေတွေ အပြည့်မဆပ်နိုင်ဘဲ ဖြစ်နေတယ်လို့ ကျိုက်ထိုမြို့က စပါးစိုက်တောင်သူတယောက်က ပြောပါတယ်။
“မနှစ်ကစပါးတွေ အနှံထွက်မှ ရေမြုပ်သွားတာကြောင့် အထွက်လျော့သွားတယ်။ ရေမြုပ်တဲ့စပါးဆိုတော့ ဈေးကောင်းလည်း မရတော့ဘူး။ စိုက်ဘဏ်က အတိုး ၅ ရာခိုင်နှုန်း တဧကကို ၁ သိန်းခွဲ ထုတ်ချေးခဲ့ပါတယ်။ အခု စပါးကပျက်တော့ အကုန်တော့ မဆပ်နိုင်ခဲ့ဘူး။ တဝက်လောက်ပဲ ဆပ်ရသေးတယ်။ အခု နွေစပါးစိုက်ပြီးရင် အကုန်ပြန်ဆပ်မယ်ဆိုပြီး ငွေသွားထုတ်တာ ကြွေးဟောင်းဆပ်ပြီးမှ ထပ်ချေးမယ်လို့ ပြောခဲ့ပါတယ်။ မိုးတွင်းက လယ်အများစု ရေမြုပ်သွားတာကြောင့် အများစုက ချေးငွေပြန်မဆပ်နိုင်ပါဘူး” လို့ ပြောပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်ဖို့အတွက် တောင်သူတွေဟာ အပြင်မှာ အတိုးနှုန်းကြီးကြီးနဲ့ လိုက်ချေးနေရတဲ့အတွက် အတိုးပေါ်အတိုးဆင့်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စိုက်ပျိုးရေးချေးငွေကြွေးဟောင်းတွေကို ဧပြီလနောက်ဆုံးထား ဆပ်ရမှာဖြစ်ပြီး မဆပ်နိုင်ရင် တရားဆွဲဆိုသွားမယ့်အကြောင်း လာရောက်သတိပေးသွားခဲ့တယ်လို့ တောင်သူတယောက်က ပြောပါတယ်။
“စိုက်ပျိုးရေးဦးစီးဌာနက လူကိုယ်တိုင်ဆင်းပြီး အသိပေးသွားတာရှိတယ်။ ချေးငွေကို ပြန်ဆပ်မှ ချေးငွေအသစ်ရမှာဆိုပြီး။ နောက်ပြီး အချိန်မီပြန်မဆပ်ရင် တရားစွဲဆို သွားမယ်လို့ ပြောတယ်။ သူတို့ကတော့ တရားစွဲဆိုခံရမှာစိုးလို့ အချိန်မီပြန်ဆပ်နိုင်အောင် သတိလာပေးတာတဲ့။ တရားစွဲဆို မခံရအောင်တော့ အဆင်ပြေသလို ချေးငှားပြီး ပြန်ဆပ်ရမှာပဲလေ” လို့ ပြောပါတယ်။
မွန်ပြည်နယ်က ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရောနဲ့ မုဒုံမြို့တို့မှာ ဩဂုတ်လက မိုးသည်းထန်ရွာသွန်းမှုကြောင့် ဧကသိန်းနဲ့ချီ ရေနစ်မြုပ်ခဲ့ပြီး ဧက ၃၀,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန စာရင်းအရ သိရပါတယ်။