Home
မြန်မာသတင်း
တိုက်ပွဲမပြင်းထန်သော်လည်း သံတောင်မြို့က စစ်ရှောင်များ နေရပ်မပြန်ရဲ
DVB
·
January 14, 2024
ThanTaung War Victims_1401204

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ကနေ စစ်ဘေးရှောင်နေရသူတွေဟာ တိုက်ပွဲတွေ မပြင်းထန်တော့ပေမဲ့ လက်နက်ကြီးတွေ၊ မြေမြှုပ်မိုင်းတွေကြောင့် နေရပ်မပြန်ရဲကြဘူးလို့ ဆိုပါတယ်။

ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ခဲ့ကြရတာပါ။

ပျားစခန်းကျေးရွာကို ပြောင်းရွှေ့ ရောက်ရှိနေသူတယောက်က  “ပျားစခန်းမှာနေတာ ၁ နှစ် ရှိပြီလို့ ပြောရမယ်။ ပြန်နေကြတဲ့သူ တချို့တော့ရှိပါတယ်။ အများစုကတော့ ပြန်မနေရဲကြတော့ဘူး။ စထွက်လာတုန်းကတော့ တိုက်ပွဲ ဆက်တိုက် ဖြစ်နေတဲ့ အချိန်လေ။ အခု အရင်လောက် မဖြစ်တော့ပေမဲ့ မပြန်ရဲဘူး” လို့ ပြောပါတယ်။

သံတောင်မြို့မှာ တိုက်ပွဲတွေ အရင်လောက် မပြင်းထန်ပေမဲ့လည်း လေယာဉ်ဝဲတာတွေ၊ စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်တာတွေနဲ့ ဒေသခံတွေ နေအိမ်တွေမှာ မိုင်းထောင်တာတွေ ပြုလုပ်ခဲ့တာတွေကြောင့်လည်း ဒေသခံတွေ မပြန်ရဲတာဖြစ်ပါတယ်။

စစ်ဘေးရှောင် စခန်းတခုရဲ့တာဝန်ရှိသူက “တိုက်ပွဲမဖြစ်လည်း စစ်တပ်ဘက်က လက်နက်ကြီးတွေ အမြဲတမ်းပစ်နေတော့ မလုံခြုံတော့ မပြန်ကြဘူး။ အရင်ကတော့ ရွာတွေထဲမှာ

မိုင်းထောင်တာရှိလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကျမတို့လည်း ရွာသားတွေကို သတိပေးထားတာတွေတော့ ရှိတယ်။ ခုနောက်ပိုင်း တွေ့တယ်လို့ မကြားမိသေးဘူး။ လက်ရှိမှာ‌တော့ စစ်ဘေးရှောင်အရေအတွက်က တိုးလာတာပဲ ရှိပါတယ်” လို့ ပြောပါတယ်။

သံတောင်မြို့နယ်မှာ လူဦးရေ ၈ သောင်းလောက်ရှိပြီးတော့ တောင်ငူမြို့ပေါ်နဲ့  လိပ်သိုလ်အထက်က ကေအန်(န်)ယူ နေရာချပေးတဲ့ စစ်ရှောင်စခန်းမှာလည်း စစ်ဘေးရှောင်တွေ ရှိနေပါသေးတယ်။

၂၀၂၃ ခုနှစ် စာရင်းပြုစုချက်အရ သံတောင်မြို့တနေရာတည်းမှာ အသက် ၁ နှစ်ကနေ ၁၈ နှစ်အထိ စစ်ရှောင် ၂၂၇ ယောက် ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024