ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာအုပ်စုက ကျေးရွာတွေမှာ ဇန်နဝါရီ ၁၂ ရက်နေ့ကစပြီး ဒေသခံရွာသားတွေကို စစ်သင်တန်းတက်ဖို့ မဲနှိုက်ရွေးချယ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေအင်ဒုံကျေးရွာအုပ်စုထဲမှာ ကျေးရွာ ၁၀ ရွာကျော်ရှိပြီး ရွာသားတွေထဲက အသက် ၁၈ နှစ်ကနေ ၅၃ နှစ်ထိ အမျိုးသားတွေကို စစ်သင်တန်းတက်ရမယ်လို့ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ကြော်ငြာထားတာ ဖြစ်ပါတယ်။
ရွှေအင်ဒုံကျေးရွာ ဒေသခံတယောက်က “မနေ့က ရွှေအင်ဒုံကျေးရွာ ရွာသစ်ပိုင်းမှာ မဲစနှိုက်ရတယ်။ မနက်ဖြန်တော့ ကျန်တဲ့ရွာအပိုင်းတွေ နှိုက်ရမယ်။ မဲပေါက်တာနဲ့ အုတ်တွင်းမှာ စစ်သင်တန်းတက်ရမယ်လို့ ပြောတယ်။ သင်တန်းသွားတက်တဲ့သူတွေကို ရွာကပဲ ထောက်ပံ့ပေးရမယ်လို့လည်း ပြောတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ရွာအနေအထားပေါ်မူတည်ပြီး တရွာကို လူ ၂၀ ကနေ လူ ၃၀ အထိ တောင်းခံနေပြီး သင်တန်းဆင်းတာနဲ့ တလကို ကျပ် ၁၅၀,၀၀၀ ပေးမယ်လို့ပြောကြောင်း သိရပါတယ်။
နောက်ထပ် ဒေသခံတယောက်က “လက်ပန်သုံးခွရွာဆို လူ ၃၀၊ ဘော့အင်းရွာဆို လူ ၂၀ တောင်းတယ်။ ရွာသားတွေက မလုပ်ချင်ကြဘူး။ လူလည်း အစားထိုးလို့ မရဘူး။ အိမ်ပြောင်းရွှေ့တာတွေလည်း အခုလုပ်လို့မရဘူး။ ပိတ်ထားတယ်။ ရွာသားတွေလည်း အခု တော်တော်စိတ်ညစ်နေကြပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် ရွာသားထုတ်မပေးတဲ့ရွာတွေကို စစ်ကောင်စီက PDF ရွာအဖြစ် သတ်မှတ်ပြီး တရွာလုံး မီးရှို့တာတွေ၊ ရွာတွေကို ဖျတ်ဆီးတာတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ သိရပြီး ဒိုက်ဦးမြို့အပြင် ပဲခူးတိုင်းထဲက တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ ပေါက်ခေါင်း၊ ဖြူး၊ ဝေါ စတဲ့နေရာတွေမှာလည်း စစ်သင်တန်းတက်ဖို့ လူစုဆောင်းနေတယ်လို့ သိရပါတယ်။