ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၂ ရက်နေ့ ညနေပိုင်းအချိန်ကစပြီး ဒီနေ့ ၁၃ ရက် မနက်အထိ တိုက်ပွဲဖြစ်နေသလို စစ်တပ်က လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “သိုင်းငင်းစခန်းသိမ်းတိုက်ပွဲက ပြင်းထန်တယ်။ သိုင်းငင်းကို ကလေးမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာ။ မနေ့ ညနေကနေ အခု မနက်အထိ။ ဒီမနက် လေကြောင်းကနေ ၂ ကြိမ်လာပြီး ဗုံးကြဲသွားတာ တွေ့လိုက်တယ်” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က ကလေးမြို့၊ ၈ မိုင် တက္ကသိုလ်ကျောင်းထဲကနေ လက်နက်ကြီးတွေနဲ့ သိုင်းငင်းရွာကို လက်နက်ကြီးနဲ့ အကြိမ် ၃၀ ထက် မနည်း ပစ်တဲ့အသံကြားနေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက သိုင်းငင်းကျေးရွာက ရွာသူ ရွာသား ဒေသခံတွေအားလုံး ဟိန်ဇိန်ရွာနဲ့ ကလေးမြို့တို့ဆီကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ရွာခံတွေဆီက သိရပါတယ်။
ကလေး-သိုင်းငင်း-တီးတိန်နဲ့ ချင်းပြည်နယ်မြောက်ပိုင်း အဝင်အထွက်လမ်းတွေကို နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ဇန်နဝါရီလဆန်းပိုင်းအထိ အသွားအလာ မလုပ်ကြဖို့ CDF-CDM-Siyin က အသိပေးပြောဆိုထားပါတယ်။