စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ထဲကို ဒီနေ့ ဇန်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သား အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတယောက် ဦးခေါင်းပွင့်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၈ နာရီ ဝန်းကျင်မှာ ဝန်းသို ခမရ ၁၂၀ နဲ့ ၁၁၁ တပ်တို့ကနေ တိုက်ပွဲမရှိဘဲ ဟောင်ဝစ်ဇာ အမြောက်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ကောလင်း ပြည်သူမှ ပြည်သူသို့သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “အဲလိုပစ်ခတ်လို့ ပြည်သူနေတဲ့အိမ်ပေါ် တည့်တည့်ကျပြီးတော့ အိမ်ထဲမှာနေတဲ့ အသက် ၆၁ နှစ် အမျိုးသမီးကြီးတယောက် ဦးခေါင်းပွင့်ဒဏ်ရာ၊ လက်တဖက်ပြတ် ဒဏ်ရာတွေနဲ့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့တာဗျ။ အိမ်ကတော့ ရစရာမရှိတော့ဘူး။ ပစ်ခတ်တာက ဘယ်နှစ်လုံးလဲဆိုတော့ ၁ လုံးတည်း ပစ်တာဗျ။ ဒေသခံတယောက် အနေနဲ့ ဘာပြောချင်လဲ ဆိုတော့ အရပ်သားပြည်သူများအပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့် သတ်ဖြတ်နေတာလို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။
ကောလင်းမြို့ကို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက်ထားတာကြောင့် စစ်ကောင်စီက လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် ကလည်း လက်နက်ကြီးဟာ ဈေးထဲကိုကျပြီး အရပ်သား ၅ ယောက် နေရာမှာတင် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။