ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် အုံးကြောရွာသစ်ကျေးရွာမှာ ဇန်နဝါရီ ၁၂ ရက် ညနေက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ပစ်ကူတဲ့လက်နက်ကြီး ပြည်သူနေအိမ်ပေါ် ကျရောက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “စစ်တပ်က ရွှေဇာလီကနေ အုံးကြောဘက်ကိုလှမ်းပစ်တာ။ အုံးကြောရွာသစ်က နေအိမ်ထဲကျပြီး မိသားစု ၃ ယောက်သေတယ်၊ နေအိမ်ထဲကို လက်နက်ကြီး အလုံးလိုက်ကျတာ၊ တိုက်ပွဲဖြစ်ပြီးပစ်တာ” လို့ ပြောပါတယ်။
မိုးမိတ်မြို့နယ် အုံးကြောရွာသစ် နဲ့ အုံးကြောရွာဟောင်းဘက်မှာ ဇန်နဝါရီ ၁၀ ရက်က စတင်ပြီး စစ်ကောင်စီတပ် နဲ့ တအာင်းလွတ်မြောက်ရေးတပ် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဒေသခံက ပြောပါတယ်။
မိုးမိတ်မြို့နယ် ကင်းချောင်းရွာကိုလည်း စစ်တပ်က ဇန်နဝါရီ ၁၂ ရက်မနက်မှာ လေယာဥ်နဲ့ ဗုံးလာကြဲခဲ့ပြီး လူ ထိခိုက်သေဆုံးတာတော့မရှိဘူးလို့ ဆိုပါတယ်။
မိုးမိတ်မြို့နယ် အုံးကြောရွာသစ်မှာ ဇန်နဝါရီ ၁၁ ရက် ညနေက တိုက်ပွဲ နှစ်နာရီကြာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တာကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ပြီး ကလေး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
"ကင်းကျေးရွာကတော့ မိုးမိတ်နဲ့တော်တော်ဝေးတယ်၊ အုံးကြောက နီးတယ်၊ အုံးကြောပြီးရင် မြို့ထဲရောက်ပြီ။ အုံးကြောမှာဖြစ်တုန်းကတော့ အသံတွေကြားရတယ်။ ခုတော့ မြို့ထဲ ငြိမ်သေးတယ်၊ မြို့ထဲကလူတွေလည်း ရှောင်ကုန်ကြပြီ” လို့ မိုးမိတ်မြို့ခံတဦးက ပြောပါတယ်။
မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ ကျန်ကန်စစ်တပ်ခန်းကို TNLA တပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။