အက်ကွေဒေါနိုင်ငံမှာ အခုရက်သတ္တပတ်အတွင်း အကြမ်းဖက်မှုတွေ သိသိသာသာ တိုးမြင့်လာ ပြီးနောက် ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့က နိုင်ငံတဝှမ်း လုံခြုံရေး စစ်ဆင်ရေးတွေကို အရှိန်မြှင့်လိုက် ပါတယ်။
ဇန်နဝါရီ ၁၁ ရက်အထိ စီးနင်းမှု အများအပြားမှာ လူ ၂၂ ဦးဖမ်းဆီးရမိခဲ့ပြီး လက်နက် ၁၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း လက်နက်ကိုင်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သီးခြားစစ်ဆင်ရေး ၃ ခုမှ ဖမ်းဆီးရမိသူတွေကို မီဒီယာကို တင်ပြခဲ့ပါတယ်။
လုံခြုံရေးကြိုးပမ်းမှုတွေကြောင့် လော့စ် လိုဘော့စ်ဂိုဏ်းနဲ့ လော့စ် လဂါတိုစ် မာဖီးယား ၁၈ ဂိုဏ်း တို့ကို ဖြိုခွင်းခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဒီမစ်ရှင်ရဲ့ ထူးခြားချက်တွေထဲမှာ သိမ်းဆည်းရမိထားတဲ့ လက်နက်တွေထဲမှာ အမျိုးသားရဲတပ်ဖွဲ့ ဆီကနေ သိမ်းယူခဲ့ထားတဲ့ လက်နက်တခု ပါဝင်နေတာရယ်၊ ပြည်သူတွေကိုလည်း အစိုးရကို ဆန့်ကျင်ပြီးတော့ သမ္မတကို ခြိမ်းခြောက်ဖို့ တိုက်တွန်းထားကြတဲ့ လက်ကမ်းစာစောင်တွေကို လည်း တွေ့ရှိထားတယ်လို့ ဂွာယာကီးလ်မြို့တော် ဇုန်အမှတ် ၈ မှ ရဲမှူး၊ ဗိုလ်ချုပ်ကြီး ဆန်တီယာဂို ဟာရီရာက ပြောပါတယ်။
လက်နက်ရှည် ၂ လက်၊ လက်နက်တို ၆ လက်နဲ့ ခဲယမ်းမီးကျောက် အများအပြားကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း ဆိုပါတယ်။
နိုဝင်ဘာလမှာ အာဏာရလာခဲ့တဲ့ သမ္မတသစ် ဒန်နီရယ် နိုဘိုအာဟာ နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ဂိုဏ်း ၂၂ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့တဲ့နောက် နိုင်ငံတဝှမ်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကာ အကြမ်းဖက်မှုတွေ သိသိသာသာ မြင့်မားခဲ့ပါတယ်။
ရဲအရာရှိတွေကို ပြန်ပေးဆွဲခြင်းအပါအဝင် အကျဉ်းသားတွေက အကျဉ်းထောင်ဝန်ထမ်း ၁၇၈ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးတာနဲ့ ရုပ်မြင်သံကြားဌာနကို စီးနင်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
တိုင်းပြည်မှာ ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ နိုဘိုအာရဲ့ အစီအစဉ်တွေကို လူဆိုးဂိုဏ်းတွေက တုံ့ပြန်ပုံပေါ်တယ်လို့ အစိုးရက ပြောကြားထားပါတယ်။
Source/Photo - Reuters