အကူအညီတွေ ပို့ဖို့ ဂါဇာမြောက်ပိုင်းဆီ ဝင်ရောက်ခွင့်ကို အစ္စရေးအာဏာပိုင်တွေက စနစ်တကျ ငြင်းပယ်ထားတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံးက ဇန်နဝါရီ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။
ဒါဟာ လူသားချင်းစာနာရေး အကူအညီတွေ ဖြန့်ဖြူးမယ့် အစီအစဉ်ကို သိသိသာသာ နှောင့်နှေး စေတာပါ။
အစ္စရေးဟာ လောင်စာဆီနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ ဟားမတ်စ်တွေဆီ လမ်းကြောင်း ပြောင်း ရောက်သွားမှာကို စိုးရိမ်နေပြီး ဂါဇာမြောက်ပိုင်းက ဆေးရုံတွေဆီကိုလည်း အကူအညီတွေ ပေးပို့ဖို့ ဝန်လေး နေတယ်လို့ သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းနယ်မြေတွေထဲက ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ရုံးအကြီးအကဲ အန်ဒရီယာ ဒေ ဒိုမေနီကိုက ပြောပါတယ်။
OCHAဟာ ဂျဘားလီးယာဆီ ပြန်သွားဖို့လည်း အခွင့်မရခဲ့ဘဲ သတ်မှတ်ကာလတခုအထိ တာရှည်ခံမယ့် အယ်လ်ရှိဖှာဆေးရုံဆီ အလွန် တိကျတဲ့ လောင်စာဆီ ပမာဏကိုသာ ယူဆောင်ခွင့် ပြုခံ ထားရပါတယ်။
အစ္စရေးဟာ အကူအညီတွေ ပေးခွင့် ပိတ်ထားတယ်ဆိုတဲ့ စွဲချက်ကို အရင်ကလည်း ငြင်းဆို ထားပါတယ်။
အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်စစ်သွေးကြွ တွေတိုက်ခိုက်တာကို လက်စားချေတဲ့အနေနဲ့ အစ္စရေးက သူ့ ထိုးစစ်ကို အောက်တိုဘာ ၇ ရက်က စတင်ခဲ့ ပါတယ်။
အဲဒီနောက် ဂါဇာကမ်းမြောင် ဒေသက လူဦးရေ ၂ ဒသမ ၃ သန်းရဲ့ အများစုဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အရပ်ဘက်အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေ ပြတ်တောက်ခဲ့ပါတယ်။
ပစ်ခတ်တိုက်ခိုက်တာတွေ စတဲ့အချိန်ကစပြီး ဂါဇာမြောက်ပိုင်းဆီ အကူအညီပေးပို့မှု အကန့်အသတ်ရှိခဲ့တာပါ။
ပဋိပက္ခဖြစ်ပွားပြီး သီတင်းပတ် အစောပိုင်းမှာတော့ ပြင်ပအကူအညီတွေ လုံးဝ ဖြတ်တောက်ခံ ခဲ့ရပါတယ်။
အစ္စရေးဟာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်တွေကို သဟိတ်မြို့က ထိပ်တန်းတရားရုံးအတွင်း ရင်ဆိုင်နေရပြီး နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေကို လိုက်နာဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလိဇဘက် သရောက်ဇယ်က အခုသီတင်းပတ်အတွင်း သီးခြားမှတ်ချက်တွေ ထဲမှာ ပြောခဲ့ပါတယ်။
Source/Photo - Reuters