Home
ဆောင်းပါး
မြန်မာ့အရေးမှာ တရုတ်က နှစ်ဖက်ခွ ကစားနေသလား
DVB
·
January 13, 2024
China_13012024

တရုတ်ဟာ အာဏာလုယူထားတဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံရေးရှိနေပေမဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အွန်လိုင်းလိမ်လည်မှု ဒုစရိုက်လုပ်ငန်း တိုက်ဖျက်ရေးဟာ တရုတ်အတွက် အကျိုးအမြတ် ဖြစ်စေခဲ့ပါတယ်။

အခုတပတ်အတွင်းမှာ စစ်ကောင်စီဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကိုးကန့်ဒေသရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ လောက်ကိုင်ကို သိမ်းယူနိုင်လိုက်ကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဟာ အောင်မြင်မှုတွေရရှိခဲ့ပြီး မြန်မာ့ပြည်တွင်းစစ်ရဲ့ ဟန်ချက်ကို ပြောင်းလဲစေခဲ့ပါတယ်။

မြန်မာစစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာကတည်းက မြန်မာစစ်အာဏာရှင်တွေကို တရုတ်က ထောက်ပံ့ကူညီနေပေမဲ့ အခုချိန်မှာ မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခဖြစ်မယ့် အရေးကိုလည်း တရုတ်က ရှောင်ရှားနေသလို စစ်အာဏာရှင်တွေနဲ့လည်း ဆက်ဆံရေးမပျက် ရှိနေတာကြောင့် နှစ်ဖက်ခွ ကစားနေပုံရပါတယ်။

အခုလိုဖြစ်လာရခြင်းရဲ့ အကြောင်းတွေထဲက တချက်က ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့က မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်မှာ အကြီးအကျယ်လုပ်နေကြတဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို ပစ်မှတ်ထား ဖြိုခွင်းနေတာကြောင့် ဖြစ်ပါတယ်။ လောက်ကိုင်ဟာ အဲဒီလို လိမ်လည်မှုနဲ့ ရာဇဝတ်လုပ်ငန်းတွေအတွက် အချက်အချာနေရာတခု ဖြစ်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေက သူတို့ရဲ့ ပစ်မှတ်တွေကို ကောင်းမွန်စွာ ဆက်ဆံကာ ဧည့်ဝတ်ကျေ ဖော်ရွေစွာ ဖြားယောင်းပြီး ရင်းနှီးမြှုပ်နှံမှုအကြောင်းပြကာ ငွေကြေးတွေ လိမ်လည်နေတာကြောင့် လောက်ကိုင်မှာ လုပ်နေကြတဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကို တရုတ်နိုင်ငံထဲမှာ ဝက်သတ်နည်းလို့ ခေါ်ကြပါတယ်။ အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ ဒုစရိုက်ဌာနတွေကို ပစ်မှတ်ထားပြီး ဖြိုခွင်းနေကြောင်း မဟာမိတ်အဖွဲ့က တရုတ်နိုင်ငံသုံး လူမှုကွန်ရက်မှာလည်း ရေးသားဖော်ပြခဲ့ပါတယ်။

အမြန်ချမ်းသာရေးဆိုတဲ့ မက်လုံးနဲ့ လိမ်လည်မှုတွေဟာ ရာစုနှစ်နဲ့ချီပြီး အလုပ်ဖြစ်ခဲ့တဲ့ လိမ်နည်းဖြစ်ခဲ့ပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာ ဝက်သတ်နည်းက သမားရိုးကျမဟုတ်တဲ့ အကျိုးအမြတ်တွေရစေတဲ့ အကြောင်းရင်းအချို့ ရှိနေပါတယ်။

ပထမအချက်ကတာ့ ခရစ်ပ်တိုကာရန်စီ ခေါ် အင်တာနက်သုံး ငွေကြေးတွေနဲ့ နိုင်ငံဖြတ်ကျော် ငွေပေးဆောင်မှုတွေကို အလွယ်တကူ လုပ်လာနိုင်သလို ခရစ်ပ်တိုကာရန်စီကို အသုံးပြုနေတဲ့ ပရိသတ်ကလည်း အဆင်သင့်ရှိနေပြီးသား ဖြစ်တာပါပဲ။ ဒုတိယအချက်အနေနဲ့ လိမ်လည်သူ ဒုစရိုက်သမားတွေဟာ သူတို့လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို တရုတ်နိုင်ငံထဲမှာ လေ့ကျင့်ထားခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုတွေ အမြောက်အမြား ပေါ်ပေါက်ခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်းက အဲဒီ အွန်လိုင်းလိမ်လည်မှုတွေဟာ အခုချိန်မှာ ကမ္ဘာအနှံ့ သူတို့ကျူးလွန်နေတဲ့ လိမ်လည်မှုနည်းလမ်းတွေအတွက် လေ့ကျင့်ရေးကွင်းဆင်းသလို ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နယ်စပ်တလျှောက်မှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ ခက်ခဲစေခဲ့တဲ့အပြင် ရာဇဝတ်မှုတွေကို ပိုပြီး လွတ်လွတ်လပ်လပ် ကျူးလွန်နိုင်စေခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းကနေ အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေက တရုတ်နိုင်ငံသားတွေကို လစာငွေ အမြောက်အမြားပေးမယ်လို့ သွေးဆောင်ဖြားယောင်းပြီး “ဆိုက်ဘာကျွန်” တွေအဖြစ် အစောင့်တွေအပြည့်ရှိတဲ့ သူတို့ရဲ့ အလုပ်နေရာတွေမှာ လိမ်လည်မှုတွေကို ဖိအားပေး စေခိုင်းခဲ့ကြပါတယ်။ ရာဇဝတ်ဂိုဏ်းတွေက တရုတ်နိုင်ငံသားတွေကို ဒေသခံတွေထက် ပိုပြီးသဘောကျတဲ့အကြောင်းက သူတို့ဟာ တရုတ်လိုရော အင်္ဂလိပ်လိုပါ ပိုပြီး ကျွမ်းကျင်ကြတဲ့အပြင် လိမ်လည်မှုအထမြောက်စေမယ့် အင်တာနက် အသုံးပြုနည်းတွေကိုပါ နားလည်တတ်ကျွမ်းတာကြောင့် ဖြစ်ပါတယ်။ မဟာမိတ်ညီနောင်သုံးဖော်ရဲ့ စစ်ဆင်ရေးကြောင့် ဖိအားပေး မတရားခိုင်းစေခံနေရသူတချို့ ပြန်လည်လွတ်မြောက်လာကြပြီ ဖြစ်ပါတယ်။

တရုတ်နယ်စပ်တလျှောက် အရှေ့တောင်အာရှနိုင်ငံတွေမှာ လုပ်ကိုင်နေကြတဲ့ အဲဒီ ရာဇဝတ်ဂိုဏ်း အများစုဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ရာဇဝင်ရှည်လျားစွာရှိနေသူတွေ ဖြစ်ပါတယ်။ ရံဖန်ရံခါ သူတို့ရဲ့ ရာဇဝတ်မှုတွေမှာ နယ်စပ်နှစ်ဖက်က အာဏာပိုင်စစ်တပ်တွေပါ ပါဝင်လေ့ရှိပါတယ်။ မြန်မာစစ်တပ်က အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို တားဆီးထိန်းချုပ်နိုင်ခြင်း မရှိတဲ့အပေါ် တရုတ်အစိုးရကလည်း တနေ့တခြား သည်းမခံနိုင် ဖြစ်လာခဲ့ပါတယ်။

တရုတ်အစိုးရအရာရှိတွေက အွန်လိုင်းလိမ်မှုတွေလုပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို သူတို့ကိုယ်တိုင် နှိမ်နင်းဖို့ ကြိုးစားခဲ့သလို မြန်မာနိုင်ငံကို လာရောက်ချိန်တွေမှာ မြန်မာစစ်ကောင်စီကို အလေးအနက် တောင်းဆိုခဲ့ကြပေမဲ့ သဲထဲရေသွန်သာ ဖြစ်ခဲ့ရပါတယ်။ နေပြည်တော်က စစ်ခေါင်းဆောင်တွေဟာ နယ်စပ်ဒေသတွေက သူတို့ရဲ့တပ်ဖွဲ့တွေကို မထိန်းချုပ်နိုင်လို့ သော်လည်းကောင်း၊ တံစိုးလက်ဆောင် အမြောက်အမြား ရရှိထားလို့သော်လည်းကောင်း အဲဒီဒုစရိုက်လုပ်ငန်းတွေကို မနှိမ်နင်းတာဖြစ်မယ်လို့ ယူဆရပါတယ်။ တကယ်လို့သာ တော်လှန်ရေးတပ်ဖွဲ့တွေက တရုတ်လိုချင်တဲ့အတိုင်း နယ်စပ်ဒေသကို ထိန်းချုပ်ပြီး တရုတ်နိုင်ငံသားတွေကို ထိခိုက်နစ်နာစေတဲ့ နယ်စပ်တလျှောက်က အကြမ်းဖက်မှုတွေကို လျှော့ချပေးနိုင်မယ်ဆိုရင် တရုတ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲဖို့ အဆင်သင့်ရှိနေမှာ ဖြစ်ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲက အဓိကတဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုယ်တိုင်ကလည်း ရာဇဝတ်မှုလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်း သတင်းတွေရှိထားတာမို့ လတ်တလော မြန်မာ့အရေးဟာ မရိုးသားမှုတွေ ရှိနေတယ်လို့ ယူဆနိုင်ပါတယ်။ လက်ရှိ ဒေသကို အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကို ငွေကြေး အကျိုးအမြတ် ခွဲဝေပေးခြင်း၊ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်မထားခြင်း၊ မနစ်နာစေခြင်းအားဖြင့် ဒီလိမ်လည်မှု ဒုစရိုက်လုပ်ငန်းတွေဟာ ဆက်လက်တည်ရှိနေနိုင်ပါသေးတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ရောင်းချ ထောက်ပံ့တာနဲ့ တရုတ်နိုင်ငံသားတွေ သွားကစားလေ့ရှိတဲ့ ကာစီနို လောင်းကစားရုံတွေကို ကာကွယ်ပေးနေတာတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမှာ ပါဝင်နေလေ့ရှိတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အကျင့်ပျက် ခြစားမှုတွေကို တရုတ်ဗဟိုအစိုးရက နှိမ်နင်းလာတာဟာလည်း ပြဿနာတွေကို ပိုပြီးရှုပ်ထွေးစေတဲ့ တချက်ဖြစ်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွင်း သန့်ရှင်းရေး ဆောင်ရွက်ချက်ဟာ နယ်စပ်တလျှောက်မှာ တည်ဆောက်ထားတဲ့ ဆက်ဆံရေး အမြောက်အမြားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ ဆက်ဆံရေးကို လုံးဝ ဖြတ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရေရှည်မှာ တဖက်ဖက်က အနိုင်ရမယ်ဆိုတာကို သိသိသာသာ မြင်လာရတဲ့ အချိန်ရောက်ခဲ့ရင် အနိုင်ရမယ်လို့ သေချာတဲ့ဘက်ကို ခြေစုံရပ်ပြီး တရုတ်က အပြည့်အဝ ရပ်တည်လိုက်မှာပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ တရုတ်ဟာ သူ့နိုင်ငံနဲ့ သူ့နိုင်ငံသားတွေရဲ့ အကျိုးအမြတ်အတွက် သူလိုချင်တာရဖို့ နှစ်ဖက်လုံးနဲ့ ဆက်ဆံရေးကို ဆက်လက်တည်ဆောက်ထားဆဲ ဖြစ်ပါတယ်။

ဂျိမ်းစ်ပါးမား

ဘာသာပြန် -ဥဿာဆန်း

Photo- DSINFO

( Foreign Policy မဂ္ဂဇင်းတွင်  လက်ထောက်အယ်ဒီတာ James Palmer ရေးသားထားသည့် “ Is China Playing Both Sides in Myanmar?”  ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024