ရခိုင်ပြည်နယ်၊ မင်းပြား ပေါက်တောနဲ့ မြေပုံမြို့နယ်တို့မှာ ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေက စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးကာ အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးခဲ့တဲ့သူတွေကတော့ မင်းဘာကြီးရပ်ကွက်က အသက် ၂၃ နှစ်အရွယ် ကိုဂေါင်းလှ၊ အသက် ၄၅ နှစ်အရွယ် ဦးသိန်းချေမောင်၊ အသက် ၅၀ အရွယ် ဒေါ်မနန်းဘုံနဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်မဲယဥ်တို့ဖြစ်ပြီး ခမရ ၅၄၁ တပ်ရင်း၊ တောင်မော်ဦးတပ်စခန်းတွေနဲ့ နီးကပ်နေတဲ့အတွက် အလောင်းကိုတော့ မရသေးဘူးလို့ ဆိုပါတယ်။
မင်းပြားမြို့နယ်၊ ကြောင်ရှည်ချောင်းကျေးရွာမှာလည်း ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ နေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၃၆ နှစ်အရွယ် ကိုထွန်းအေးနိုင်ရဲ့ နားထင်ကို လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နေ့လယ် ၁၂ နာရီခွဲလောက်မှာလည်း စစ်ကောင်စီရဲ့ ဇက်နေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အိမ်ခြေ ၃၀ ကျော်လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှာလည်း ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီလောက်မှာလည်း စစ်ကောင်စီရဲ့ ဇက်နေဗီက စစ်သားတွေ ရွာထဲကိုဝင်လာပြီး အသက် ၃၂ နှစ်အရွယ် ကိုမောင်ဆန်းဝင်းကို သေနတ်နဲ့ပစ်သတ်ပြီး ရွာကိုလည်း ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ကြတယ်လို့ ပြောပါတယ်။
မြေပုံမြို့နယ် သရက်တောင်ကျေးရွာကိုလည်း ဇန်နဝါရီ ၁၂ ရက်နေ့ ညနေ ၅ နာရီလောက်က အမ်းမြို့နယ် ကဇုကိုင်းအခြေစိုက် တောဟိန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
သရက်တောင်ကျေးရွာက အသက် ၆၅ နှစ်အရွယ် ဦးတင်ငွေရဲ့ ဦးခေါင်းကို လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ကာ နေအိမ်တအိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
“သရက်တောင်ရွာနားမှာ ဘာတိုက်ပွဲမှဖြစ်ပွားတာမရှိဘူးဗျ။ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေနေထိုင်တဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာပါ” လို့ ဒေသခံက ပြောပါတယ်။
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့နားမှာလည်း ဇန်နဝါရီ ၁၁ ရက်နေ့ ည ၈ နာရီကျော်လောက်မှာလည်း Y-12 လေယာဥ်တစီးနဲ့ ဗုံး ၁၀ လုံးလောက် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ နေအိမ်အဆောက်အဦတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ထိခိုက်ပျက်စီးကာ ဒေသခံပြည်သူ ၈၈ ယောက် သေဆုံးပြီး ၁၅၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။