Home
မြန်မာသတင်း
ပြင်ဦးလွင်မြောက်ဘက် ၁၀ မိုင်ကျော်အကွာအထိ ပြည်သူ့ကာကွယ်ရေးတပ်များ ထိုးစစ်ဆင်နေ
lusane
·
January 12, 2024
PyinOoLwin

ဗိုလ်သင်တန်းကျောင်း အပါအဝင် စစ်တက္ကသိုလ်တွေ အခြေစိုက်တဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ မြောက်ဘက် ၁၀ မိုင်ကျော် အကွာအဝေးအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဇန်နဝါရီ ၆ ရက်ကစပြီး ရှမ်းပြည်နဲ့ မန္တလေးတိုင်းနယ်စပ် ပြင်ဦးလွင်မြို့အနီးက စစ်ကောင်စီစခန်းတချို့ကို မန္တလေး PDF နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ထိုးစစ်ဆင် တိုက်ခိုက်ခံရတာကို ကာကွယ်ဖို့ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေ ပေးခဲ့ပေမဲ့ PDF ပူးပေါင်းအဖွဲ့တွေက ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက မိတ္ထီလာအခြေစိုက် တပ်ရင်းတွေဆီက လက်နက်၊ ရိက္ခာနဲ့ လူအင်အားတွေကို ရဟတ်ယာဉ်နဲ့ ဆက်တိုက်ပို့ဆောင်နေပြီး ဂုဏ်သိက္ခာအရ နယ်မြေထိန်းချုပ်နိုင်ရေးကို ဖိအားပေး ဆောင်ရွက်နေတယ်လို့ မတ္တရာ PDF ခေါင်းဆောင် ဦးတိုးက ပြောပါတယ်။

“ပြင်ဦးလွင်ရဲ့မြောက်ဘက် ၁၀ မိုင်ကျော် အကွာအဝေးလောက်မှာ တိုက်ပွဲဖြစ်တာရှိတယ်။ ဒီဟာတွေက သတင်းလည်း တက်ပြီးသားတွေဖြစ်တယ်။ အဲ့ဒီဥစ္စာ မကျရေးအတွက်လည်း သူတို့ ခံစစ်ပြင်ဆင်နေတယ်ပေါ့။ သူတို့ဂုဏ်သိက္ခာ မကျရှုံးရေးအတွက်ဆိုလည်း မှန်တယ်။ နောက်တခါ သူတို့ လုံးလုံးမကျဆုံးရေးအတွက်ဆိုလည်း မှန်တယ်။ အဲ့ဒီအတွက်ကို သူတို့ ကြိုတင်ပြင်ဆင်နေတယ်။ ကျနော်တို့ မန္တလေးတိုင်းသူတိုင်းသား မန္တလေးမြို့နယ်သူမြို့နယ်သား ပြင်ဦးလွင်ခရိုင်သူခရိုင်သားတွေ အားလုံးပေါ့နော် မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အနှောင့်အယှက်ပေးနေတဲ့ စကစနဲ့ လုံးဝမဆက်နွှယ်ဖို့၊ မဆက်ဆံဖို့၊ မပေါင်းဖို့ စကစ စခန်းတွေနဲ့ ဝေးရာမှာနေဖို့တော့ အလေးအနက်ထားပြီး မေတ္တာရပ်ခံလိုပါတယ်။”

ရှမ်းပြည်အခြေစိုက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ လက်နက်ကိုင်တော်လှန်ရေး စတင်ကတည်းက မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က PDF ဖြစ်လာမယ့် လူငယ်တွေကို သူတို့ထိန်းချုပ်နယ်မြေထဲမှာ ခိုလှုံခွင့်ပေးပြီး စစ်ပညာသင်ပေးခဲ့တာပါ။

ပြင်ဦးလွင်မြို့အနီးအထိ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီဟာ မန္တလေးမြို့ကိုပါ ထိပါးလာနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ မြို့ပေါ်မှာ လုံခြုံရေး တိုးမြှင့်ချနေတယ်လို့ ဆိုပါတယ်။

“မြေပြင်အခြေအနေနဲ့ စစ်ရေးအခြေအနေကတော့ သူတို့ မန္တလေးမြို့ မကျရေးအတွက်ကို ခံစစ်ပြင်နေတဲ့ အနေအထားရှိတယ်။ ကျေးရွာတွေကို လှည့်ပတ်မီးရှို့တယ်ဆိုတဲ့ အနေအထားက နယ်မြေစိုးမိုးရေး နယ်မြေထိန်းချုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ သွားနေတာလို့ ယူဆလို့ရတယ်။ အဓိကကတော့ မန္တလေးမြို့ မကျဆုံးရေးအတွက်ကို သူတို့ အဝေးပစ် အပြင်စည်းကနေပြီးတော့ ခံစစ်ပြင်လှုပ်ရှားမှုတွေပဲ ဖြစ်လိမ့်မယ်။ မန္တလေးတိုင်းထဲမှာ ဘယ်လိုရှိနေလဲဆိုတော့ သူတို့ ကားတွေနဲ့ လှည့်ပတ်သွားလာတာတွေ ရှိတယ်။ လမ်းတလျှောက်က ရွာတွေမှာ တနေရာကို ကင်းပုန်းသဘောမျိုးပေါ့၊ ၅ ယောက် ၇ ယောက် အစုအဖွဲ့လေးတွေ ချတာရှိတယ်။ မြို့ပေါ်မှာဆိုလို့ရှိရင်လည်း လှည့်ကင်းရှိတယ်၊ ဝပ်ကင်းရှိတယ်။ နောက်တခါ မြို့ပေါ်မှာ ပျူတွေမွေးပြီးတော့ ပသစ ဆိုပြီး ခေါင်းစဉ်ပေးထားတဲ့ ရပ်ကွက်လူမိုက်တွေ လောင်းကစားသမားတွေ ဇိုးတွေ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတွေ ဒီလိုလူမျိုးတွေကို သူတို့က လက်သပ်မွေးမြူပြီးတော့ ပသစ ဆိုပြီးတော့ လုပ်ထားတာရှိတယ်။ အဲ့ဒီဟာတွေက လမ်းထောင့်တွေမှာ ဆိုင်ရာရပ်ကွက်တွေမှာ သူတို့ကင်းလှည့်တာ ဆောင်ရွက်တာရှိတယ်။"

မန္တလေး-စစ်ကိုင်းနယ်စပ် လက်နက်ကိုင် PDF စုဖွဲ့မှု အားကောင်းခဲ့တဲ့ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်းမြို့နယ်တွေမှာတော့ စစ်ကောင်စီက နယ်မြေထိန်းချုပ်ရေးအတွက် နည်းလမ်းစုံ အသုံးပြုနေတယ်လို့ ခင်ဦး PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

မန္တလေးတိုင်းထဲက PDF တွေက စစ်ကိုင်းတိုင်းအထိ စစ်ကူတွေပေးခဲ့သလို မန္တလေးဘက်ခြမ်း တိုက်ပွဲတွေမှာလည်း စစ်ကိုင်းဘက်က PDF တွေ ကူညီနေတာကြောင့် ၂၀၂၃ ခုနှစ်ထဲမှာ မန္တလေး-စစ်ကိုင်း နယ်စပ်မြို့နယ်တွေကို စစ်ကောင်စီက အင်အားသုံး တိုက်ခိုက်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ခင်ဦး PDF ခေါင်းဆောင် ဗိုလ်လင်းရောင်က “ရေဦးမှာ သူတို့က ခရိုင်တပ်မြို့တော်ဆိုပြီးတော့ အထိုင်ချတာ၊ ဒီဇန်နဝါရီစမှ စစ်ကြောင်းက ပထမဦးဆုံး စထိုးခဲ့တာ။ ခင်ဦးကိုဝင်၊ ခင်ဦးကနေမှ ရွှေဘိုမြို့နယ် လေ့ကျင့်ရေး ၈ အထိ ရောက်အောင်သွား၊ သွားပြီးတော့မှ သူတို့စပါးရိတ်နေတဲ့ဟာတွေကို လုံခြုံရေးပေး၊ စပါးရိတ်နေတဲ့ဟာကို ကျနော်တို့က ဒီကနေပြီးတော့ ဒရုန်းနဲ့သွားသွားချ၊ မီးလောင်ဗုံးချတဲ့အချိန်မှာ စပါးပုံမီးလာငြှိမ်းတဲ့အချိန်မှာ ကျနော်တို့က ဖောက်ခွဲရေးဗုံးတွေချ၊ ဒီလိုနဲ့ သူတို့လုပ်ငန်းတွေက ပြတ်တောက်နေတဲ့အချိန်မှာ ဒီစစ်ကြောင်းက မနေ့ကစပြီး လုံခြုံရေးပေးဖို့ ရောက်လာတယ်။ ရောက်လာပြီးတော့ ပျဉ်ထောင်မရောက်ခင်ကတည်းက ကျနော်တို့က တန်းပြီးချလိုက်တော့ သူတို့က ဆက်ပြီးမသွားတော့ဘဲ တဲစုရွာစာသင်ကျောင်းထဲမှာ နေတယ်။ ကျနော်တို့ မျက်မြင်ပေါ့နော် ဒရုန်းနဲ့ချလိုက်တာ၊ လူ ၂ ယောက်ကြားထဲမှာ ဒရုန်းဗုံးသီးက ကျတဲ့အတွက်ကြောင့်မို့ ၂ ယောက်လုံးကို လွင့်ထွက်သွားတာလည်း မြင်တယ်။ ကျနော်တို့ တပ်ရင်းကနေပြီးတောာ့ Battle ဆိုင်လို့ ကျတာတွေလည်း သတင်းရရှိတယ်။ ၄ ကောင်ခန့်မှန်းလောက်တော့ စစ်ကောင်စီ ကျသွားတယ်လို့ ကျနော်တို့ခန့်မှန်းတယ်။”

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရက်ပိုင်းအတွင်းမှာ ရှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့အနီးအထိ ထိုးစစ်ဆင်နိုင်ခဲ့ပြီး တလအကြာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ခေါ်မယ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၂ လခွဲနီးပါးအကြာ ဇန်နဝါရီ ၁၁ ရက်နေ့အထိ မှတ်တမ်းတွေအရ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေက ချင်းပြည်နယ်မှာ ၇ မြို့၊ စစ်ကိုင်းတိုင်းမှာ ၄ မြို့၊ ကချင်ပြည်နယ်မှာ ၁ မြို့၊ ရှမ်းပြည်နယ်မှာ ၁၆ မြို့၊ ကရင်နီပြည်နယ်မှာ ၂ မြို့ စုစုပေါင်း ပြည်နယ်နဲ့တိုင်း ၅ ခုက မြို့ပေါင်း ၃၀ အထိ သိမ်းယူခဲ့ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024