မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က အင်းဝဘဏ်မှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၂ ရက် ဒီကနေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့စစ် ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက် မြို့နယ်ဘောလုံးကွင်းဘေးမှာရှိတဲ့ အင်းဝဘဏ်ရှေ့မှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေ ကားနဲ့ရောက်လာပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့စစ် ၁ ဦး သေဆုံးခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ အဖွဲ့ တာဝန်ရှိသူတဦးက “အင်းဝဘဏ်မှာက စစ်သားတဦးနဲ့ ပြည်သူ့စစ်တဦး အလှည့်ကျစောင့်တယ်။ ကင်းစောင့်နေတဲ့ ပြည်သူ့စစ်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျနော်တို့အဖွဲ့ကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ အင်းဝဘဏ်ထဲက စစ်သား ပြန်ခံပစ်တော့ လက်နက်တော့ မကောက်လိုက်နိုင်ဘူး။ ဘဏ်ထဲက စစ်သားပစ်လို့ ပြည်သူတဦး သေနတ်မှန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ မြို့တွင်းမှာ မစ်ရှင်ဖော်ဆောင်ရတဲ့အတွက် ပိုက်ဆံအခက်အခဲတွေကော၊ တခြားအခက်အခဲတွေပါ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။
အင်းဝဘဏ်ပစ်ခတ်မှုအပြီး ကျိုက်ထိုမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်တပ်က ပစ်ခတ်မှုဖြစ်ပြီး မကြာဘူး ရောက်လာပြီး စစ်နေတာ။ မြို့ထဲဘက်ကော ကျိုက်ပိဘက်သွားတဲ့ဘက်မှာကို စစ်နေတာ။ မြို့လယ်ခေါင်မှာ ဖြစ်သွားတော့ အခု အသွားအလာတွေတော့ ရှင်းနေတယ်။ ပေါင်ကိုထိသွားတဲ့ အမျိုးသမီးတဦးကတော့ ကျိုက်ထိုဆေးရုံကြီးမှာ ကုသနေပါတယ်။”
ကျိုက်ထိုမြို့အတွင်း မစ်ရှင်တွေကို ရရင်ရသလို ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေရာတွေကို အတတ်နိုင်ဆုံး မသွားလာဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ က ထုတ်ပြန်ထားပါတယ်။