Home
နိုင်ငံတကာ
ရွေးကောက်ပွဲအတွက် ထိုင်ဝမ်အဓိကပါတီကြီး ၃ ခု နောက်ဆုံးအကြိမ် မဲဆွယ်
DVB
·
January 12, 2024
Taiwan_12012024

သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ တရက်အလို ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထိုင်ဝမ်ရဲ့ အဓိကပါတီကြီးသုံးခုဟာ နောက်ဆုံးအကြိမ်အနေနဲ့  မဲဆွယ်ခဲ့ကြပါတယ်။

ထိုင်ဝမ်ဟာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုနဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာမှ ပထမဆုံးသမ္မတကို တိုက်ရိုက်တင်မြှောက်ခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့  သီးခြားလက္ခဏာအပေါ် တန်ဖိုးထားပြီး တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်ခွင့် တောင်းဆိုမှုကို ငြင်းပယ်တဲ့ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (ဒီပီပီ) က တတိယအကြိမ် အောင်ပွဲရဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဆိုင်အင်းဝမ်က သက်တမ်းနှစ်ကြိမ် ပြည့်သွားပြီဖြစ်တဲ့အတွက် ဒုသမ္မတ လိုင်ချင်တီက သမ္မတနေရာ ဝင်ပြိုင်မှာဖြစ်ပါတယ်။

လိုင်ဟာ အန္တရာယ်ကြီးတဲ့ ခွဲထွက်ရေးသမား ဖြစ်တယ်ဆိုပြီး တရုတ်ဘက်က မှတ်ယူထားပါတယ်။

လိုင်က သူဟာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ထိန်းသိမ်းမယ်လို့ ပြောထားပေမဲ့ တရုတ်က သတင်းမှားတွေနဲ့အတူ ရွေးကောက်ပွဲကို ဝင်စွက်တာ၊ စစ်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးတာတွေကို ဝေဖန်ထားပါတယ်။

လိုင်နဲ့အပြိုင် သမ္မတနေရာ လုမှာကတော့ အကြီးဆုံးအတိုက်အခံပါတီ ကူမင်တန် (ကေအမ်တီ) က ဟိုယူယီ ဖြစ်ပါတယ်။

တခြားပါတီငယ် တိုင်ဝမ်ပြည်သူ့ပါတီ (တီပီပီ) က တိုင်ပေမြို့တော်ဝန်ဟောင်း ကိုဝမ်ကျဲလည်း ဝင်ပြိုင်မှာဖြစ်ပါတယ်။

ဟိုယူယီက နှစ်ဖက်ပြည်သူတွေ အပြန်အလှန် လည်ပတ်နိုင်တဲ့ အစီအစဉ်လိုမျိုး တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် ပြန်စတင်လိုသူ ဖြစ်ပါတယ်။

လိုင်ဟာ ထိုင်ဝမ်ကို တရားဝင်လွတ်လပ်ရေး ကြေညာပြီး အခြေအနေရှုပ်ထွေးအောင် လုပ်မယ့်သူမျိုးလို့ ဟိုက စွပ်စွဲထားပါတယ်။ လိုင်ကလည်း ဟိုဟာ တရုတ်လူဖြစ်တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။

ဒီပီပီက အာဏာရတာ ၈ နှစ်ရှိပြီဖြစ်လို့ ထိုင်ဝမ်မှာ အစိုးရအပြောင်းအလဲ လိုလာပြီဖြစ်ကြောင်း ကေအမ်တီ နဲ့ တီပီပီက ထောက်ပြပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီနှစ်ပါတီ ပေါင်းပြီး ဝင်ပြိုင်ဖို့  ညှိနှိုင်းမှုက မအောင်မြင်ခဲ့ပါဘူး။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024