Home
မြန်မာသတင်း
ကော့သောင်းမြို့သို့ သယ်ဆောင်မည့် ကျပ် ၃၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
January 12, 2024
bomb 25112023

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ကို သယ်ဆောင်မယ့် မူးယစ်ဆေးဝါးတွေကို မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ပင်လယ်ပြင်မှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါး အလွဲအသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၄ ရက်မှာ ပဲခူးတိုင်းကနေ တနင်္သာရီတိုင်း ကော့သောင်းမြို့ကို မောင်းနှင်လာတဲ့ လန်ခရူဇာ ပရာဒို အမျိုးအစား မော်တော်ကားကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း(ဖိုးကုလား) စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာ ကာလတန်ဖိုး ကျပ်ငွေ ၁ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးပြား ၈ ဒသမ ၅၆ သိန်းကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီယာဥ်ပေါ်မှာပါလာသူ လေးဦးအနက် ကိုသူရဝင်းနဲ့ ဇနီးဖြစ်သူ မအေးသန္တာအောင်၊ အိမ်အကူ မဖူးဖူးဝေ တို့ကို ဖမ်းဆီးထားပြီး ကလေးငယ်တဦးကိုတော့ ဖမ်းဆီးခြင်းမရှိကြောင်း ကိုသူရဝင်းရဲ့ မိသားစုနှင့် နီးစပ်သူတွေထံက သိရပါတယ်။

ကိုသူရဝင်းရဲ့ ကွင်းဆက်အနေနဲ့ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်နဲ့ အေးရိပ်​ငြိမ်းရပ်ကွက်မှာ ကိုကျော်ထက်နဲ့ ကိုခင်ဇော်မြင့်တို့ကို ဇန်နဝါရီ ၄ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း CCDAC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကိုသူရဝင်း ပိုင်ဆိုင်တဲ့ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ TOYOTA Fj Curiser အမျိုးအစား ကားတစီး၊ ဆိုင်ကယ်နှစ်စီး၊ မြန်မာကျပ်ငွေ သိန်း ၈၀ နီးပါးနဲ့ ထိုင်းဘတ်ငွေ ၆,၀၀၀၊ ကာလတန်ဖိုး ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ ရွှေထည်တွေလည်း သိမ်းဆည်းခံခဲ့ရပါတယ်။

အဆိုပါအမှုမှာ ပါဝင်သူတွေကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မတွေအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့လည်း အရေးယူထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၄ ရက်မှာပဲ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ် အရှေ့တောင်ဘက် ၁၃၅ မိုင်အကွာ ပင်လယ်ပြင်မှာ စက်လှေတစီးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးစစ်ဆေးရာ ကိုအောင်သိန်း၊ ကိုတူးနိုင်၊ ကိုမောင်ဇော်နဲ့ ကိုဖိုးလပြည့်တို့ လေးဦးကို ကာလတန်ဖိုး ကျပ်ငွေ ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး(အက်ဖတမင်း) ၁ ဒသမ ၄၅ တန်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ကွင်းဆက်အနေနဲ့ ဇန်နဝါရီ ၇ ရက်မှာ ကော့သောင်းမြို့၊ တံတားတိုဆိပ်ကမ်းမှာ မူးယစ်ဆေးဝါး လာရောက်သယ်ဆောင်သူ ကိုစိုးကျော် ဆိုသူကို ထပ်ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးတွေကို ပြည်ပသယ်ဆောင်မယ့် တာဝန်ခံတွေဖြစ်တဲ့ ကိုချစ်ထူးနိုင်နဲ့ ကိုကျော်ဇင်ဦးတို့ နှစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့ပါသေးတယ်။

အဲဒီ ဖမ်းမိသူ ၇ ယောက်ကိုတော့ မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှတဆင့် ကုန်းလမ်း၊ရေ လမ်းနဲ့ ကော့သောင်းမြို့ကို သယ်လာပြီး ပြည်ပကိုပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ CCDAC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃၀ ရက်ကလည်း ကော့သောင်းမြို့ အနောက်တောင်ဘက် ပင်လယ်ပြင်မှာ ကျပ်ငွေဘီလီယံ ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNDOC) က အာရှနိုင်ငံများရှိ မူးယစ်ဆေးဝါးအဖွဲ့တွေဟာ မြန်မာနိုင်ငံကတဆင့် မူးယစ်မှောင်ခိုကူးရာမှာ ကုန်းလမ်းထက် ရေလမ်းကို ပိုအသုံးပြုနေတာ တွေ့ရတယ်လို့ ပြောကြားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013