အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒင်ဟာ ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်အတွင်း ဒေါ်လာသန်းနဲ့ချီပြီး မူးယစ်ဆေးဝါး၊ အစောင့်အရှောက်၊ တန်ဖိုးကြီးကားတွေနဲ့ တခြား စျေးကြီးပစ္စည်းတွေ သုံးစွဲခဲ့ပေရာမှာ အခွန် ဒေါ်လာ ၁ ဒသမ ၄ သန်းကို ပေးချေဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ပြစ်မှုကြောင်းအရ စွပ်စွဲခံထားရပါတယ်။
ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၇ နှစ်အထိ ကျခံရနိုင်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အပြစ်ရှိတယ်လို့ ဝန်ခံ၊ မခံ တရားသူကြီးက မေးမြန်းရာမှာတော့ ဟန်တာဘိုင်ဒင်က “အပြစ်မရှိပါဘူး” လို့ ဖြေဆိုခဲ့ပါတယ်။
တရားသူကြီးက အမှုကို ဇွန်လ ၂၀ ရက်နေ့မှာ ကြားနာစစ်ဆေးမှုတွေ လုပ်မယ်လို့ ရုံးချိန်းလိုက်ပါတယ်။
သူ့အမှုသည်ဟာ အခွန်တွေ ပေးဆောင်ပေမဲ့ သူ့မျိုးရိုးနာမည်ကြောင့် ခုလိုစွပ်စွဲခံရတာလို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။
အသက် ၅၃ နှစ်အရွယ် ဟန်တာဘိုင်ဒင်ဟာ သေနတ်ဝယ်တဲ့အချိန်မှာ တရားမဝင် မူးယစ်ဆေး သုံးထားတာကို လိမ်လည်ခဲ့တယ်ဆိုတဲ့ စွဲချက်တခုနဲ့လည်း ဒဲလ်ဝဲက တရားရုံးတရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။
Source/Photo-Reuters