အီရန်ကျောထောက်နောက်ခံပြု ယီမင်ရှိ ဟူသီစစ်သွေးကြွတွေဟာ ပင်လယ်နီမှာ ဥပဒေမဲ့ မဆင်မခြင် တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်လာပြီးနောက် ယီမင်ရှိ ဟူသီပစ်မှတ်တွေကို အမေရိကန် ဦးဆောင်ပြီး ပူးတွဲတိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုဌာနချုပ်က ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက် အစောပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံစုံစစ်ဆင်ရေးကို ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ နယ်သာလန်နဲ့ ဘာရိန်းတို့က ပံ့ပိုးကူညီမှုနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က X လူမှုမီဒီယာမှာ ပို့စ်တခု တင်ထားပြီး လေယာဉ်တင်သင်္ဘောကနေ စစ်လေယာဉ်တွေ ထွက်ခွာပျံတက်ကြပုံ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံဟာ ဇန်နဝါရီ ၁၁ ရက်က ယီမင်နိုင်ငံရှိ ဟူသီလှုပ်ရှားမှုနဲ့ ဆက်စပ်နေတဲ့ နေရာတွေကို တိုက်ခိုက်မယ့် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ ပူးပေါင်းခဲ့ပြီး ဒါဟာ မနှစ်နှောင်းပိုင်းက အီရန် ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က ပင်လယ်နီမှာ နိုင်ငံတကာ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်လာပြီးကတည်းက ပထမဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဗီဒီယိုဖိုင်မှာ တိုင်ဖွန်း တိုက်လေယာဉ်တွေဟာ ဆိုက်ပရပ်စ်ကနေ ထွက်ခွာလာတာကို ပြသခဲ့ပါတယ်။
အစောပိုင်း ညွှန်ပြချက်တွေအရ ကုန်သင်္ဘောတွေကို ခြိမ်းခြောက်နေတဲ့ ဟူသီတွေရဲ့ စွမ်းရည်ကို ထိုးနှက်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယီမင်ရှိ မျက်မြင်သက်သေတွေကတော့ နိုင်ငံတဝန်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း ရိုက်တာကို အတည်ပြု ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း လိုအပ်လာရင် နောက်ထပ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ကို တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ကြာသပတေးနေ့ နှောင်းပိုင်းက ကြေညာချက်ထဲမှာ သတိပေးထားပါတယ်။
ဟူသီအရာရှိတဦးကတော့ ဆာဒါမြို့နဲ့ ဒါမာမြို့တွေအပြင် ဟိုဒေးဒါ အုပ်ချုပ်ရေးဒေသတို့နဲ့အတူ ဆာနာမြို့တော်မှာ စီးနင်းတိုက်ခိုက်မှုတွေကို အတည်ပြုခဲ့ပြီး “အမေရိကန်-ဇီယွန်-ဗြိတိသျှ ရန်လိုမှု” တွေလို့ ခေါ်ဆိုခဲ့ပါတယ်။
Source/Photo-Reuters