မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကနေ ပါတီဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ ပြန်လည် ရွေးချယ်ခံခဲ့ရသလို ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲမရှိဘူးလို့ မွန်ပြည်သစ်ပါတီက ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ညီလာခံကနေ ပါတီဥက္ကဋ္ဌ အဖြစ် နိုင်ဟံသာ၊ ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇွဲယျ၊ တွဲဘက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေအဖြစ် နိုင်အောင်မငေး၊ နိုင်ဗညားလယ် အပါအဝင် ၁၁ ဦး ရွေးချယ်ခံခဲ့ရတာပါ။
အရင်က မွန်ပြည်သစ်ပါတီမှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ၉ ဦးနဲ့သာ ဖွဲ့စည်းခဲ့ပေမယ့် ဒီညီလာခံမှာတော့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညားချမ်းနွန်နဲ့ မိစားတားတို့ နှစ်ဦးဟာ ထပ်တိုးရွေးချယ်ခံရတဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ထဲ ပါဝင်လာပါတယ်။
ညီလာခံကနေ ဗဟိုကော်မတီဝင် ၃၅ ဦးနဲ့ အရန်ဗဟိုကော်မတီဝင် ၆ ဦး စုစုပေါင်း ၄၁ ဦးကို မဲပေးရွေးချယ်ခဲ့ပြီး အဲဒီကနေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးနဲ့ ဗဟိုစစ်ရေးကော်မတီဝင် ၇ ဦးတို့ကို အတည်ပြုရွေးချယ်ခဲ့တာပါ။
ဗဟိုစစ်ရေးကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညာချမ်းနွန်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး ဟံသာတို့ ရွေးချယ်ခံခဲ့ရပြီး ကျန်ရှိတဲ့ ဗဟိုစစ်ရေးကော်မတီဝင်တွေကတော့ အပြောင်းအလဲ မရှိဘူးလို့ သိရပါတယ်။
မွန်နိုင်ငံရေးလေ့လာသုံးသပ်သူကတော့ ပါတီထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲမရှိတဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်ကလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ကြားနေမူဝါဒကိုသာ ဆက်လက်ကိုင်စွဲသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
အရွေးချယ်ခံရတဲ့ ဗဟိုကော်မတီဝင်တွေနဲ့အရန်ကော်မတီဝင် ၄၁ ဦးဟာ ပါတီညီလာခံတွေကနေ ချမှတ်ထားတဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တိုင်းနဲ့ ပါတီရဲ့လုပ်ငန်းစဉ်အမျိုးမျိုးကို အကောင်အထည်ဖော်ရာမှာ တာဝန်ခံတဲ့ အဖွဲ့ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ပါတီဗဟိုဌာနချုပ်ရုံးစိုက် ရေးချောင်းဖျားဒေသမှာ ကျင်းပနေတာဖြစ်ပြီး အချိန် ၁ လနီးပါးကြာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။