ဂါဇာကမ်းမြောင်မှာ အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ တောင်အာဖရိကနိုင်ငံရဲ့ စွဲချက်တင်မှုဟာ “သူတော်ကောင်းယောင် ဆောင်တာသာဖြစ်တယ်၊ မုသားတွေသာဖြစ်တယ်” လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၁၁ ရက်က ဝေဖန်လိုက်ပါတယ်။
အစ္စရေးဟာ ၁၉၄၈ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး တောင်အာဖရိကနိုင်ငံက တရားစွဲဆိုထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာနေတာပါ။
တောင်အာဖရိက ဟိုက်ကုတ်ရှေ့နေကြီး တမ်ဘက်ကာအွန်ကူကိုင်တိုဘီက “အစ္စရေးဟာ ဂါဇာက ပါလက်စတိုင်းလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ဂါဇာကိုဖျက်ဆီးဖို့ ရည်ရွယ်ချက်ကို နိုင်ငံရဲ့ အမြင့်ဆုံးအဆင့်ကနေ ပျိုးထောင်ပေးတာ ဖြစ်ပါတယ်” လို့ ICJ မှာ လျှောက်လဲပါတယ်။
ဒါနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်က “ကျုပ်တို့က အကြမ်းဖက်သမားတွေကို တိုက်နေတာ၊ မုသားတွေကို တိုက်နေတာ... ဒီကနေ့ ဇောက်ထိုးကမ္ဘာကြီးကို တွေ့လိုက်ရတယ်။ ဂျီနိုဆိုက်ကို တိုက်နေတဲ့ အစ္စရေးကို ဂျီနိုဆိုက်နဲ့ ပြန်စွပ်စွဲနေကြတယ်” လို့ ကြေညာချက်ထုတ် တုံ့ပြန်ပါတယ်။
ဟိုလိုကော့စ်ဖြစ်စဉ်မှာ ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတာကြောင့် နောင် ဒါမျိုး ကမ္ဘာမှာ ထပ်မဖြစ်အောင် ရေးဆွဲသဘောတူညီခဲ့တဲ့ ကွန်ဗင်းရှင်းဖြစ်ပါတယ်။ အခုတော့ ဒီကွန်ဗင်းရှင်းနဲ့ပဲ ဂျူးလူမျိုးတို့ရဲ့နိုင်ငံ အစ္စရေးကို တရားစွဲရဖို့ ဖြစ်လာတာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေထဲ ဟားမတ်စ်တပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၁,၂၀၀ သေဆုံးခဲ့ရပြီး ဓားစာခံ ၂၄၀ လောက်လည်း ဟားမတ်စ်တွေက ဖမ်းသွားခဲ့ပါတယ်။
အဲဒီအတွက် အစ္စရေးက ဂါဇာမှာ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ပွဲအတွင်း အရပ်သား သေဆုံးမှုတွေအတွက် အရပ်သားတွေကြားမှာ ရောနှောနေတဲ့ ဟားမတ်စ်တွေကိုသာ အပြစ်ဖို့ရမယ်လို့ အစ္စရေးက ထောက်ပြပါတယ်။
အစ္စရေးကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့အတွက် ဂါဇာကမ်းမြောင်ကို အုပ်ချုပ်နေတဲ့ ဟားမတ်စ်အဖွဲ့ကို အမြစ်ဖြုတ်တာဟာ တခုတည်းသောနည်းလမ်းလို့ ကြေညာထားပါတယ်။
ဂါဇာဒေသခံတချို့ကတော့ အစ္စရေးတပ်ဖွဲ့တွေ စတင်ဆုတ်ခွာနေပြီဖြစ်တဲ့ ဂါဇာမြောက်ပိုင်းက လုံးဝပျက်စီးသွားတဲ့ သူ့တိုနေရာတွေကို ပြန်လာနေကြပါပြီ။
အစ္စရေးက သုံးလလောက် ဗုံးကြဲခဲ့ပြီးနောက်မှာ ဂါဇာကမ်းမြောင်ဒေသဟာ အမှိုက်ပုံကြီးလို ဖြစ်နေပြီး လူ ၂၃,၀၀၀ လောက် သေဆုံးခဲ့သလို ၂ ဒသမ ၃ သန်းရှိတဲ့ ပါလက်စတိုင်းလူဦးရေ အကုန်လုံး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အခုချိန်အထိ ဂါဇာကို စားနပ်ရိက္ခာ၊ လောင်စာနဲ့ ဆေးဝါးတင်သွင်းမှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး လူမှုကပ်ဘေးကြီး ဖြစ်နေတယ်လို့ ကုလသမဂ္ဂက သုံးသပ်ထားပါတယ်။
Source/Photo-Reuters