ရန်ကုန် တောင်ဒဂုံနဲ့မြောက်ဥက္ကလာပ မြို့နယ်တို့မှာ ဇန်နဝါရီ ၁၂ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၆ လုံးနဲ့ EV ကားအပါအဝင် ကား ၂ စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တောင်ဒဂုံမြို့နယ် ၇၂ ရပ်ကွက်၊ ပိတောက်လမ်းမှာ ဒီနေ့မနက် ၃ နာရီ ၁၅ မိနစ်လောက်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ပျဉ်ထောင်၊ တိုက်ခံတထပ်အိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ရှင်သန်ခွင့် လူမှုကူညီရေးအသင်းဝင်တဦးက “အိမ်က ၃ လုံးလောင်သွားတာ။ အုတ်ခံ ပျဉ်ထောင် အိမ်တွေပါ။ မီးလောင်ရတဲ့ အကြောင်းတော့ မသိသေးပါဘူး။ လူ ထိခိုက်မှု မရှိပါဘူး။”
မီးလောင်ရာကို တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့က မီးသတ်ယာဉ်တွေနဲ့ အရပ်ဘက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြတာကြောင့် မနက် ၃ နာရီ ၃၆ မိနစ်လောက်မှာ မီငြိမ်းသွားပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီမနက် ၉ နာရီ ၁၅ မိနစ်လောက်ကလည်း မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက်၊ အိန္နြာ (၁၁) လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် MG ZS (2023) EV ကား ၁ စီး၊ တိုယိုတာကား ၁ စီးနဲ့ လူနေ ၁ ထပ် အိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဘေးကပ်လျက် တိုက်တခြမ်းပါ မီးကူးစက်ခဲ့ပါတယ်။
ဇမ္ဗူဒီပါလူမှုကူညီရေးအသင်းတာဝန်ရှိသူက “အိမ်တွေနဲ့ တိုက်တခြမ်း လောင်သွားပါတယ်။ လူ ထိခိုက်မှုတော့ မရှိပါဘူး။ EV ကားတစီးနဲ့ တိုယိုတာကားတစီးပါ လောင်သွားတာ” လို့ ပြောပါတယ်။
မီးလောင်မှုနေရာကို မြောက်ဥက္ကလာပ မီးသတ်ယာဉ်တွေ၊ အရပ်ဖက်အသင်းတွေက လာရောက် ငြှိမ်းသတ်ခဲ့ကြတာကြောင့် မနက် ၉နာရီခွဲလောက်မှာ မီးငြိမ်းသွားပါတယ်။
ထာဝရအလင်းတန်းလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက “ရပ်ကွက်က တဦးက ဖုန်းဆက် အကူအညီတောင်းတာပါ။ မီးလောင်မှု အမြင်အရတော့ အိမ်က ၃ လုံး၊ ဘေးက အထပ်မြင့်တိုက် အိမ်ကတော့ နံရံတခြမ်းလုံး လောင်ပါတယ်။ အိမ်တွေက လောင်ထားတဲ့ တိုင်တွေကတော့ သစ်သားတိုင်တွေပါ”လို့ ပြောပါတယ်။
မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးမှုတန်ဖိုးကို မြောက်ဥက္ကလာပမြို့နယ်မီးသတ်က တွက်ချက်နေဆဲဖြစ်ပြီး ဇန်နဝါရီ ၄ ရက် မနက် ၄ နာရီခွဲလောက်ကလည်း မြောက်ဥက္ကလာ ပမြို့နယ် (က) ရပ်ကွက်၊ တုသိတာ(၂)လမ်းမှာ လူနေအိမ် ၃ လုံး မီးလောင်ခဲ့လို့ level (1)အဆင့် ငြှိမ်းသတ်ခဲ့ရပါတယ်။