စစ်ကောင်စီက လူသစ်ရရှိဖို့ နည်းမျိုးစုံကြိုးပမ်းမှုကို လက်မခံရှောင်ရှားကြဖို့နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေလည်း နုတ်ထွက်ပြီး ပြည်သူဘက် အမြန်ဆုံးရပ်တည်ဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ CDM ဒုရဲမှူး ကျော်စန်းဟန်က တိုက်တွန်းလိုက်ပါတယ်။
ထိုင်းတော်ဝင် ရဲအကယ်ဒမီမှာ ၄ နှစ် ပညာသင်ကာဘွဲ့ရယူခဲ့သလို ဩစတြေးလျနိုင်ငံမှာ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်နဲ့ မဟာဘွဲ့ရရှိခဲ့တဲ့ ဒုရဲမှူး ကျော်စန်းဟန်ဟာ စစ်ကောင်စီ လက်အောက်ကနေ စွန့်ခွာပြီး ဂျပန်ပန်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီကို လက်မခံ၊ မယုံကြည်လို့ လက်အောက်ခံ တပ်မှူးတွေကအစ ပြည်သူဘက် ရပ်တည်နေကြတာကြောင့် စစ်ကောင်စီဟာ အင်အားချည့်နဲ့လာပြီး လူသစ်ရဖို့ နည်းအမျိုးမျိုးနဲ့ စစ်တပ်နဲ့ရဲအတွက် အင်အားစုဆောင်းနေကြောင်း၊ စစ်ကောင်စီလက်အောက် လက်နက်ကိုင်အ ဖွဲ့အစည်းတွေမှာ လက်ပါးစေအဖြစ် ဝင်ရောက်တာဟာ ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နှိပ်စက်တဲ့ ရာဇဝတ်ဒုစရိုက်ဂိုဏ်းထဲ ဝင်ရောက်တဲ့ သဘောဖြစ်တာကြောင့် ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။
ဒုရဲမှူး ကျော်စန်းဟန်ဟာ ၂၀၂၁ စစ်အာဏာသိမ်းတဲ့အချိန်က အင်းစိန် CID မှာ စုံထောက် အရာရှိသင်တန်း တက်ရောက်နေတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်အမှုကို ဘာသာ ပြန်ပေးခဲ့ရကာ မစ္စတာရှောင်တာနယ် ဒုက္ခမရောက်အောင် ကူညီဘာသာပြန်ပေးခဲ့တဲ့အတွက် သူမတူအကျဉ်းသားစာအုပ်ထဲမှာ သူ့အသက်ကို ကာကွယ်ကူညီပေးခဲ့သူအဖြစ် CDM ဒုရဲမှူးကျော်စန်းဟန်ကို မစ္စတာရှောင်တာနယ်က ချီးကျူး ဂုဏ်ပြုရေးသားထားပါတယ်။
မြန်မာနိုင်ငံက ရဲအရာရှိတွေထဲမှာ ထိုင်းတော်ဝင်ရဲအကယ်ဒမီ တက်ရောက်ခွင့်ရသူဟာ လက်ရှိအချိန်အထိ ၈ ဦးသာ ရှိပြီး အဆိုပါ ၈ ဦးထဲမှာ ဒုရဲမှူးကျော်စန်းဟန်က ပထမဦးဆုံး တက်ရောက်ခွင့်ရတဲ့ ရဲအရာရှိအဖြစ် ပညာထူးချွန်သူတဦးလည်းဖြစ်ပြီး ပါရဂူဘွဲ့ထပ်တက်ဖို့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံကို ထွက်လာပြီး စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေလည်း ကိုယ့်မိသားစု လုံခြုံရေးကို အရင်ယူပြီး အမြန်ဆုံး နုတ်ထွက်ကြဖို့လည်း တိုက်တွန်းအကြံပေးထားပါတယ်။
CDM ဒုရဲမှူး ကျော်စန်းဟန်ဟာ ဂျပန်နိုင်ငံမှာရှိနေစဉ် ဂျပန်ရောက် မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်အာဏာရှင်ပြုတ်ကျရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်နေပြီး ဂျပန်သတင်းမီဒီယာတွေမှာလည်း မြန်မာ့အရေး ရှင်းပြ ပြောဆိုတာတွေပြုလုပ်နေပါတယ်။
ဇော်ဇော်လှိုင်