ယီမင်နိုင်ငံရှိ ဟူသီသူပုန်တွေအပေါ် အမေရိကန်ရဲ့ ဘယ်လိုတိုက်ခိုက်မှုကိုမဆို မတုံ့ပြန်ဘဲနေမှာမဟုတ်ဘူးလို့ ဟူသီခေါင်းဆောင် အဗ္ဗဒယ်လ် မာလက်ခ် အယ်လ်ဟူသီက ဇန်နဝါရီ ၁၁ ရက် ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။
အမေရိကန်ရဲ့ ရန်လိုမှုကိုလည်း ရင်ဆိုင်မှာဖြစ်ပြီး အဲဒီရန်လိုမှုတိုင်းကိုလည်း တွန့်ဆုတ်မှုမရှိ၊ ဆက်ဆက် တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
အဲဒီလို တုံ့ပြန်မှုမျိုးဟာ ပင်လယ်နီရှိ အမေရိကန်သင်္ဘောတစင်းကို သူ့ရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတဲ့ လောလောလတ်လတ် တိုက်ခိုက်ခဲ့မှုထက် ပိုကြီးမားလိမ့်မယ်လို့လည်း ပြောပါတယ်။
အဲ့ဒီတုန်းက ပင်လယ်ပြင် စစ်ဆင်ရေးမှာ ဒရုန်း ၂၄ စင်းနဲ့ ဒုံးကျည်အများအပြားကို အမေရိကန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့အတူ အစ္စရေးနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေကို ဆက်ပြီး ပစ်မှတ်ထားဖို့ ပိုစိတ်ပိုင်းဖြတ်ထားကာ ဒါကို နောက်ပြန်ဆုတ်မှာမဟုတ်ဘူးလို့လည်း ဟူသီခေါင်းဆောင်က ပြောပါတယ်။
ယီမင်နိုင်ငံမှ အီရန် ကျောထောက်နောက်ခံပြု ဟူသီစစ်သွေးကြွတွေဟာ ဂါဇာက အစ္စရေးစစ်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပင်လယ်နီမှာ ကုန်သည်သင်္ဘောတွေကို အရှိန်မြှင့် တိုက်ခိုက်နေတာကြောင့် သင်္ဘောလိုင်းအမျိုးမျိုးတို့ဟာ အာဖရိကတဝိုက်ကနေ ခရီးရှည် ပတ်သွားရမယ့်အစား သူတို့ရဲ့ပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားလိုက်ကြပါတယ်။
Source/Photo-Reuters