Home
ဆောင်းပါး
၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေးကို လည်ပြန်ကြည့်ခြင်း
DVB
·
January 12, 2024
MyanmaEconomy_12012024

အာဏာသိမ်းပြီးကတည်းက ကျဆင်းလာတဲ့ မြန်မာ့စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတဝန်း ထိခိုက်ခဲ့ရသလို ဒေသတွင်း စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းခဲ့ကြပေမဲ့ အခုအခါမှာတော့ အိမ်နီးချင်းနိုင်ငံတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ စီမံခန့်ခွဲမှုအလွဲတွေနဲ့ စစ်အာဏာရှင်လက်အောက်က မြန်မာနိုင်ငံကတော့ အရှေ့အာရှဒေသမှာ ကမ္ဘာ့ကပ်ရောဂါမတိုင်မီ ရှိခဲ့တဲ့ စီးပွားရေးအခြေအနေကို ပြန်မရောက်နိုင်တဲ့ တခုတည်းသော နိုင်ငံ ဖြစ်နေပါတယ်။

အရေးယူပိတ်ဆို့ခံရခြင်း

၂၀၂၃ ခုနှစ် ဇွန်လမှာ အမေရိကန်နိုင်ငံဟာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူ ပိတ်ဆို့လိုက်ပါတယ်။

အဲဒီလို အရေးယူပိတ်ဆို့လိုက်ရတဲ့ အကြောင်းရင်းကတော့ ဒီဘဏ်နှစ်ဘဏ်ဟာ စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတဲ့နေရာမှာ ဒီ MFTB နဲ့ MICB က အခရာကျတဲ့ အဖွဲ့အစည်းတွေလို့ အမေရိကန်က ဆိုပါတယ်။ ပိတ်ဆို့လိုက်တဲ့နောက်မှာ ဒီဘဏ် ၂ ခုနဲ့ အလုပ်လုပ်နေတဲ့ စင်ကာပူက ဘဏ် ၂ ခုမှာ စစ်ကောင်စီရဲ့ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင် ပိတ်မိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဇွန်လဆန်းပိုင်းမှာ တဒေါ်လာ ၂,၉၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာကနေ အရေးယူပိတ်ဆို့ နောက်ပိုင်းမှာ ဒေါ်လာဈေးက တဒေါ်လာ ၃,၀၀၀ အထက် ရောက်သွားခဲ့ပါတယ်။ အဲဒီလို ဒေါ်လာဈေးတက်တဲ့အပေါ် စစ်ကောင်စီဟာ ဒေါ်လာဝယ်ရောင်းလုပ်တဲ့လူတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ ဈေးနှုန်းကြေညာတာတွေကို ယိုးမယ်ဖွဲ့ခဲ့ပြီး လူမှုကွန်ရက်ပေါ်က ဈေးနှုန်းတွေက တရားမဝင်ကြောင်း၊ ရေးတင်သူကိုလည်း အရေးယူမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။ ပြီးတော့ ဒေါ်လာဝယ်ရောင်းလုပ်ငန်း ၅၀ ကျော်ကိုလည်း အရေးယူထားတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာလည်း လိုင်စင်ပိတ်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် စင်ကာပူက United Overseas Bank (UOB) ကလည်း စက်တင်ဘာလ ၁ ရက်က စတင်ပြီး မြန်မာနိုင်ငံကဘဏ်တွေနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေစီးဆင်းမှုကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေနဲ့အညီ လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမတိုင်ခင်ကလည်း စစ်တပ်အတွက် ပျံသန်းပေးနေတယ်ဆိုတဲ့ Myanmar Airways International (MAI) ရဲ့ ဘဏ်စာရင်း ငါးခုလုံးကိုလည်း UOB ဘဏ်က ပိတ်ဆို့ခဲ့ပါသေးတယ်။ UOB ဘဏ်ဟာ မြန်မာနိုင်ငံက စက်သုံးဆီနဲ့ စားသုံးဆီ လုပ်ငန်းရှင်တွေ အများဆုံး အသုံးပြုနေတဲ့ ဘဏ်လည်း ဖြစ်ပါတယ်။

နောက်ထပ် အရေးယူပိတ်ဆို့မှုအနေနဲ့ စစ်ကောင်စီရဲ့ အဓိက နိုင်ငံခြားငွေ ရပေါက်ရလမ်းဖြစ်တဲ့ MOGE ကိုလည်း စက်တင်ဘာလထဲမှာ အမေရိကန်က အရေးယူ ပိတ်ဆို့လိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကတော့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရာမှာ အာဏာသိမ်းပြီးကတည်းက ပြည်ပချေးငွေတွေ မရခဲ့တဲ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေကိုပါ အများအပြား ကြုံတွေ့ခဲ့ရတယ်လို့ ညည်းတွားခဲ့ပါတယ်။ ဒါကြောင့် ၎င်းတို့အနေနဲ့ ပို့ကုန်ကရတဲ့ ငွေကြေးတွေနဲ့ လည်ပတ်နိုင်အောင် ဆောင်ရွက်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ online trading

ငွေလဲနှုန်းကို ထိန်းချုပ်ထားပြီး တဒေါ်လာ ၂,၁၀၀ ကျပ်နှုန်း သတ်မှတ်ထားခဲ့တဲ့ စစ်ကောင်စီနဲ့ ဗဟိုဘဏ်ဟာ ဇူလိုင်လမှာ AD တွေနဲ့ customer တွေအကြား၊ customer အချင်းချင်းကြား ဒေါ်လာဝယ်ရောင်းလုပ်ဖို့ online trading စနစ် စလုပ်ပြီး တဒေါ်လာ ၂,၉၂၀ နှုန်းနဲ့ ရောင်းဝယ်ခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဗဟိုဘဏ်ဝက်ဘ်ဆိုက်မှာတော့ ဘယ်နေ့မှာ ဘယ်လောက် အရောင်းအဝယ်ဖြစ်တယ်လို့ ကြေညာပေမဲ့ အမှန်တကယ် ဘယ်ဘဏ်က ဘယ်လောက်ရောင်းပြီး ဘယ်သူက ဘယ်လောက်ဝယ်တယ်ဆိုတာ အများပြည်သူ မသိရပါဘူး။ ဒါဟာ ဒေါ်လာဈေးကို ဈေးကွက်ပေါက်ဈေးနဲ့ နီးစပ်အောင်လုပ်တာ ဖြစ်ပေမဲ့ ဈေးနှုန်းကို လွှတ်ပေးတာ မဟုတ်သေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်မှာတော့ အမေရိကန်ဒေါ်လာ ငွေဈေးကို ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ နှုန်းထားတွေအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ကြဖို့ ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်ပြီး ဖြေလျှော့ခဲ့ပါတယ်။ ဒါဟာလည်း သူ့ရဲ့ online trading မှာပဲ အကျုံးဝင်တာပါ။

နှစ်သောင်းတန်ငွေစက္ကူ

ဇူလိုင်လမှာ စစ်ကောင်စီဟာ ဆင်ဖြူတော်တနှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာပြီးတဲ့နောက်မှာ ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ တော်တော် လှုပ်လှုပ်ခတ်ခတ် ရှိခဲ့သလို မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားမှာကိုလည်း ပြည်သူတွေက စိုးရိမ်ကြပါတယ်။

နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမယ်လို့ ကြေညာအပြီးမှာ ဒေါ်လာဈေးဟာ ထိန်းမရအောင် မြင့်တက်သွားခဲ့ပြီး မှောင်ခိုဈေးကွက်မှာ တဒေါ်လာ ၄,၀၀၀ ကျပ်လောက် ဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုပဲ ရွှေဈေးတွေ ထိုးတက်သွားလို့ ရွှေဆိုင်အချို့ အရောင်းရပ်နားထားခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

နိုင်ငံခြားငွေတွေကို လိုင်စင်မရှိဘဲ ဒေါ်လာ ၁၀,၀၀၀ နဲ့ လက်ဝယ်ကိုင်ဆောင်ထားတာ တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဩဂုတ်လ ၂၀ ရက်မှာ ကြေညာလိုက်ပါတယ်။

ပို့ကုန်ရငွေ လဲလှယ်စေခြင်းကို လျှော့ချခြင်း

စစ်ကောင်စီဟာ ပို့ကုန်လုပ်ငန်းရှင်တွေကို ကုပ်(ဂုတ်)ခွစီးပြီး ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို တဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းနဲ့ လဲလှယ်စေရာကနေ ၅၀ ရာခိုင်နှုန်းကို လျှော့ချပေးတယ်လို့ ဇူလိုင်လမှာ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။ အဲဒီလိုလျှော့ချပြီး ခြောက်လအကြာ ဒီဇင်ဘာလမှာတော့ ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို လဲလှယ်စေရာကနေ ၃၀ ရာခိုင်နှုန်းကို လျှော့ချပေးတယ်လို့ ဗဟိုဘဏ်က ထပ်မံကြေညာခဲ့ပါတယ်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပိတ်

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာ ပို့ကုန်ကဏ္ဍကို တော်တော်လေး ကျဆင်းစေခဲ့ပါတယ်။ မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ ပိတ်သွားသလို တောင်ပိုင်းမှာလည်း တိုက်ပွဲတွေကြောင့် ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့လည်း ပိတ်သွားခဲ့ပါတယ်။ အဲဒီလိုပဲ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးဟာလည်း တိုက်ပွဲတွေကြောင့် လျော့ကျသွားသလို ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ဂိတ်တွေလည်း တကျော့ပြန် ရခိုင်တိုက်ပွဲတွေနဲ့အတူ ပိတ်ထားခဲ့ရပါတယ်။

အဲဒီလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအချို့ ရပ်တန့်သွားတာကြောင့် စိုက်ပျိုးရေး ပို့ကုန်တွေ ရောင်းရခက်သွားပါတယ်။ ခါတိုင်း ပုံမှန်ပို့နေကြလမ်းကြောင်း သုံးမရလို့ တခြားလမ်းကြောင်း ပြောင်းသုံးရတဲ့အတွက် လမ်းကြောင်းရှည်ပြီး ကုန်ကျစရိတ် ပိုမိုကုန်ကျတာ၊ ကုန်စည်တွေ အရည်အသွေးတွေ ထိခိုက်တာတွေ ကြုံတွေ့နေရပါတယ်။

ဘဏ္ဍာနှစ်ကုန်ဆုံးဖို့ ၃ လအလို ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမ ၉ လအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၇ ဘီလီယံကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော် ကျဆင်းနေတဲ့သဘောပါ။

ဒေသတွင်း တိုက်ပွဲတွေကြောင့် နယ်စပ်ပို့ကုန် တင်ပို့မှုမှာ ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ထိ ကျဆင်းနေသလို ပင်လယ်ရေကြောင်း ပို့ကုန်တင်ပို့မှုမှာလည်း ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်ထိ ကျဆင်းနေပါတယ်။

လယ်ယာထွက်ပို့ကုန်၊ စက်မှုကုန်ချောပို့ကုန် အပါအဝင် ပို့ကုန်ကဏ္ဍ အသီးသီးမှာ တင်ပို့မှု ကျဆင်းခဲ့သလို သွင်းကုန်မှာလည်း ကဏ္ဍအသီးသီးမှာ တင်သွင်းမှု လျော့ကျနေတာပါ။

ပြည်ပရောက် အလုပ်သမားတွေဆီက အခွန်ကောက်ဖို့ ကြိုးစားတဲ့ စကစ

ဝင်ငွေရပေါက်ရလမ်း ရှားပါးလာတဲ့ စစ်ကောင်စီဟာ ပြည်ပရောက် အလုပ်သမားတွေဆီကနေ အခွန်ကောက်ဖို့ ကြိုးစားလာပါတယ်။ အရင်က ဖြေလျှော့ပေးထားတဲ့ အခွန်တွေကို ပြန်လည် မိတ်ဆက်လိုက်ပြီး လစာဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းကို ကောက်ခံလာပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့ စကစကို ၂ ရာခိုင်နှုန်း အခွန်မပေးချင်ပေမဲ့ အခွန်မပေးရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတဲ့အတွက် မဖြစ်မနေ ပေးနေရပါတယ်။

တချိန်တည်းမှာပဲ ပြည်ပရောက် အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း မြန်မာပြည်က မိသားစုဆီကို ဘဏ်တွေကနေတဆင့် လွှဲပို့ဖို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်ဆီတွေကနေတဆင့် ဖိအားပေးနေပါတယ်။

စက်သုံးဆီ အကျပ်အတည်း

တရစ်ပြီးတရစ် ကျပ်တည်းလာတဲ့ ပြည်သူလူထုရဲ့ နေ့စဉ် လူနေမှုဘဝထဲ တဖြည်းဖြည်း လေးပင်လာတာကတော့ စက်သုံးဆီဈေးနှုန်းနဲ့ စက်သုံးဆီအကျပ်အတည်း ဖြစ်ပါတယ်။ တနေ့လုပ် တနေ့စားတွေရဲ့ တနေ့စာဝင်ငွေက တနေ့တာ စားဝတ်နေရေးကို ဖြည့်ဆည်းဖို့ ခက်လာတဲ့အထိ ရိုက်ခတ်လာတဲ့ ကျပ်တည်းမှု လှိုင်းလုံးတွေဟာ လူလတ်တန်းစားတွေအပေါ် ရိုက်ခတ်မှုနည်းပေမဲ့ စက်သုံးဆီဈေးကြီးမြင့်တာ၊ ဝယ်ချင်တိုင်း ဝယ်မရတာဟာ လူလတ်တန်းစားအကြား အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရပါတယ်။

ဒေါ်လာကို မောင်ပိုင်စီး လက်ဝါးကြီးအုပ်လိုတဲ့ စစ်ကောင်စီလုပ်ရပ်ကြောင့် ဈေးကွက်မှာ ဒေါ်လာရှားပါးလာတာရဲ့ အကျိုးဆက်၊ ဆီကို လိုသလောက် ဝယ်မရတာကြောင့် ပြည်တွင်းမှာ ဆီပြတ်လတ်တဲ့ ပြဿနာ၊ ဝယ်ချင်တိုင်း ဝယ်မရတဲ့ ပြဿနာဟာ ၂၀၂၃ ခုနှစ်မှာ တကြိမ်မက ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကတော့ စက်သုံးဆီ လိုအပ်ချက်အတွက် နိုင်ငံခြားငွေ အများအပြား သုံးစွဲနေရတဲ့အတွက် ပြည်တွင်း စက်ရုံ၊ အလုပ်ရုံတွေအတွက် စက်သုံးဆီ လိုအပ်ချက် ဖြည့်ဆည်းဖို့ ပြည်တွင်း ရေနံချက်စက်ရုံတွေ စွမ်းအားပြည့် ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

တဖက်မှာလည်း ဆန်၊ ဆန်ကွဲ၊ ပဲအမျိုးမျိုး တင်ပို့မှုကနေ ရရှိတဲ့ ပို့ကုန်ရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းခွင့်ပြုမယ်လို့ ဖြေလျှော့ပေးပြီး စက်သုံးဆီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလာတာ တွေ့ရပေမဲ့ စက်သုံးဆီဈေးတွေ ကျဆင်းသွားတာတော့ မရှိသေးပါဘူး။

မြင့်မားလာတဲ့ အလုပ်လက်မဲ့နှုန်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်း

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၂၀-၂၀၂၃ ခုနှစ်၊ လုပ်သားအင်အား ခန့်မှန်းစာရင်းအင်း အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ တရိပ်ရိပ် တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ အိမ်ထောင်စု လူဦးရေကို အခြေခံထားတဲ့ လုပ်သားအင်အား၊ အလုပ်အကိုင်နဲ့ လုပ်ငန်းအမျိုးအစားအလိုက် အလုပ်လုပ်ကိုင်သူ ဦးရေအပေါ် အခြေခံပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ အဲဒီ ခန့်မှန်းတွက်ချက်မှုအရ ဆိုရင် အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၀ ပြည့်နှစ်မှာ သုည ဒသမ ၁၇ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၂၁ မှာ ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်မှာ ၂ ဒသမ ၅၃ ရာခိုင်နှုန်း၊ ၂၀၂၃ မှာ ၃ ဒသမ ၆၉ ရာခိုင်နှုန်း ရှိလာတာကို တွေ့ရပါတယ်။ ဒီလို အလုပ်လက်မဲ့နှုန်း တိုးလာတာကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းပိတ်သိမ်းတာ၊ လုပ်သားရွှေ့ပြောင်းသွားလာတာ၊ လုပ်သားဈေးကွက်နဲ့ အလုပ်အကိုင် ရရှိမှုအရ အလုပ်အကိုင်ခန့်ထားမှု တိုးတက်မှုနှုန်းဟာ လုပ်သားအင်အား တိုးတက်မှုကို လွှမ်းခြုံနိုင်မှု မရှိတာတို့ကြောင့်လို့ အစီရင်ခံစာက ကောက်ချက်ချထားပါတယ်။

တဖက်မှာလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ပေါင်း ၁ ဒသမ ၃ သန်းကျော် ရှိနေပြီလို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။ ၂၀၂၃ မှာ ထပ်မံထုတ်ပြန်တာမျိုး မတွေ့ရပေမဲ့ အလုပ်လက်မဲ့နှုန်းကတော့ ဆက်တက်နေဖွယ်ရှိပါတယ်။

အလုပ်လက်မဲ့ဖြစ်တာ၊ အလုပ်အကိုင်ရှားပါးတာတွေနဲ့ ရုန်းကန်နေရတဲ့ မြန်မာပြည်သူလူထုဟာ ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း အလူးအလဲ ခံစားနေရပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ပြီး အိမ်ထောင်စုတွေရဲ့ ဝယ်ယူနိုင်စွမ်းကို နှေးကွေးသွားစေသလို အရေးကြီး အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အထူးသဖြင့် ဆန်နဲ့ ပဲမျိုးစုံ စျေးနှုန်းတွေ ဆက်တိုက်ကြီးမြင့်လာနေခြင်းကြောင့်လည်း နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံမှုကို ခြိမ်းခြောက်မှု ဖြစ်နေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုထားပါတယ်။ တနည်းပြောရရင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လို့ အိမ်ထောင်စုတွေ ဝလင်အောင် စားနိုင်မှု လျော့ကျလာတယ်ဆိုတဲ့ သဘောပါ။

စစ်ကောင်စီလက်အောင်ခံ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၈ ဒသမ ၅၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်နဲ့ ပထမသုံးလပတ်မှာ ၁၈ ဒသမ ၄၅ ရာခိုင်နှုန်းပဲ ရှိခဲ့သလို ၂၀၂၁-၂၂ ပထမသုံးလပတ်မှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

၂၀၂၄ အလားအလာ

၂၀၂၄ မှာ မြို့သိမ်းတိုက်ပွဲတွေလို တိုက်ပွဲတွေ အရှိန်မြင့်လာနိုင်ပြီး ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာ၊ ပို့ကုန်လျော့ကျတာ၊ စီးပွားရေးလုပ်ကိုင်ရ ခက်ခဲတာတွေ ဆက်ပြီး ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ အကယ်၍ ပဋိပက္ခများ ဖြစ်ပွားမှု အရှိန်အဟုန် ဆက်ပြီး မြင့်တက်လာခြင်း မရှိဘူး ဆိုရင်တောင် လာမယ့် ၂ဝ၂၄ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်းဟာ ဆက်ပြီး နှေးကွေးနေဦးမှာ ဖြစ်တဲ့အပြင် ၂၀၂၅ ခုနှစ်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေမှာ နှေးကွေးကြန့်ကြာမှုတွေ ဆက်လက်ကျယ်ပြန့်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာ့စီးပွားရေးပမာဏဟာ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း ဆက်လက် နိမ့်ကျနေသေးပြီး ဒီအခြေအနေကနေ တိုးတက်လာဖို့ ခက်ခဲဦးမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024