စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့က ချင်းပြည်နယ်တနေရာမှာ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နဲ့တကွ ပုလဲမြို့နယ် ပအဖအဖွဲ့ထံ အလင်းဝင်ရောက်လာကြတာ ဖြစ်ပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးနဲ့အတူ MA1 တလက်၊ MA3 တလက်၊ လက်ပစ်ဗုံး ၆ လုံး၊ အီနာဂါ ၄ ဖူး၊ ကျည်ဘောက် ၆ ခုနဲ့အတူ ကျည်ဆန်အတောင့် ၄၉၀ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် ပအဖ တာဝန်ရှိသူက “၂၀၂၁ အစောပိုင်းကတည်းက CDM ဝင်ခဲ့တဲ့ သူတို့ရဲ့ စီနီယာတွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတာပါ။ သူတို့စီနီယာ စစ်သားတွေကိုလည်း ပုလဲပအဖက စောင့်ရှောက်မှုပေးထားပါတယ်။ သူတို့ တစုတဝေးတည်း နေထိုင်နေပါတယ်။ စားရေးသောက်ရေး နေရေးထိုင်ရေးကိုလည်း ကျနော်တို့ ထောက်ပံ့ပေးထားပါတယ်” လို့ ပြောပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို တဦး ကျပ်သိန်း ၇၀ နှုန်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်မှာ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား အယောက် ၂၀ ရှိပြီလို့ သိရပါတယ်။