အိုမန်ကမ်းရိုးတန်းမှာ ရေနံတင်သင်္ဘောတစင်းကို အီရန်က ဖမ်းဆီးထားတဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ဇန်နဝါရီ ၁၁ ရက်မှာ ရှုတ်ချလိုက်ပြီး သင်္ဘောနဲ့ အမှုထမ်းတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ဟာ ဒီကိစ္စမှာ အီရန်အနေနဲ့ တာဝန်ယူ၊ တာဝန်ခံဖို့ သင့်လျော်တဲ့ အဆင့်တွေနဲ့ ပတ်သက်ပြီး ဆက်လက်တိုင်ပင်ဆွေးနွေးသွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပတဲလ်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီကုန်သွယ်ရေးရေယာဉ်ကို တရားမဝင် ဖမ်းဆီးလိုက်တာဟာ အီရန်ရဲ့ လောလောလတ်လတ် အပြုအမူ ဒါမှမဟုတ် နိုင်ငံတကာကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေဖို့ ရည်ရွယ်တဲ့ အီရန်ရဲ့ လုပ်ရပ်ဖြစ်တယ်။”
ဒီလုပ်ရပ်မျိုးဟာ စီးပွားဖြစ် ကူးသန်းသွားလာရေးအတွက်သာမက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် မသေချာ မရေရာမှုတွေ တိုးလာလိမ့်မယ်လို့လည်း ယုံကြည်ကြောင်း သူက ပြောပါတယ်။
အခုလို အီရန်က ရန်စတဲ့လုပ်ရပ်တွေဟာ ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်မှုတခုဖြစ်ပြီး ဒါကို ရပ်တန့်ရပါမယ်လို့လည်း ဆိုပါတယ်။
အီရန်ရဲ့ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသမျှ လုပ်ရပ် အပြည့်အစုံကို အမေရိကန်က ဟန့်တား၊ ရင်ဆိုင်ဖို့ ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဗီဒန့် ပတဲလ်က ပြောပါတယ်။
အီရန်ဟာ မနှစ်တုန်းက သူ့ရဲ့ အလားတူ ရေယာဉ်နဲ့ ရေနံတွေကို အမေရိကန်က သိမ်းယူခဲ့မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ကြာသပတေးနေ့က တူရကီကိုသွားမယ့် အီရတ် ရေနံတင်သင်္ဘောတစီးကို အီရန်က သိမ်းဆည်းခဲ့တာဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်သွားပြီး ဒါဟာ ဒေသတွင်းတင်းမာမှုတွေကို အရှိန်ပိုမြင့်စေနိုင်တဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။
မာရှယ်လ်ကျွန်းစုများ အလံစိုက်ထူထားတဲ့ စိန်-နိကိုလပ်စ် သင်္ဘောကို သိမ်းယူလိုက်တာဟာ ယီမင်နိုင်ငံမှ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေက ပင်လယ်နီ သင်္ဘောလမ်းကြောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ရက်သတ္တပတ်တွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။
Source/Photo-Reuters