တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လောက်ကိုင်မြို့ကို မြန်မာစစ်တပ် လက်လွှတ်လိုက်ရတာဟာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ထူးခြားတဲ့ ပြောင်းလဲမှုတခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါဟာ စစ်ကောင်စီလက်အောက် ရောက်နေတဲ့ တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နီးစပ်ရာဒေသတွေကို သိမ်းယူရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ ခေါ် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို စစ်ကောင်စီက ရင်ဆိုင်ခုခံပြီး သူအုပ်စိုးထားတဲ့နယ်မြေကို မကာကွယ်နိုင်တော့ဘူးဆိုတာ ဝန်ခံလိုက်ရတဲ့သဘော ဖြစ်နေလို့ပါပဲ။ မဟာမိတ်တပ်ဖွဲ့ရဲ့ နယ်မြေသိမ်းယူမှုဟာ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်အတိုင်း မြန်မာ့အရေးမှာ မြန်မာဦးဆောင်တဲ့ အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ အဖြေရရှိရေး ရည်ရွယ်ချက်အပေါ် သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။ တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေအားလုံးက အနိုင်ရဖို့ ဆက်လက်ကြိုးပမ်းနေကြဦးမယ်ဆိုရင် မြန်မာ့အရေးအတွက် သက်ဆိုင်ရာအဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဖြစ်ပေါ်လာရေးဆိုတဲ့ မျှော်လင့်ချက်ဟာ သဲထဲရေသွန် ဖြစ်သွားမှာ မလွဲဧကန် ဖြစ်ပါတယ်။
လတ်တလောအခြေအနေမှာ စစ်ကောင်စီက သူဆုံးရှုံးသွားတဲ့ နယ်မြေကို ပြန်လည်ရယူနိုင်ခြင်း မရှိတာကြောင့် သူလုပ်မယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲဆိုတာလည်း အချိန်ရွှေ့ နောက်ဆုတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအချက်ကလည်း မြန်မာ့နိုင်ငံရေးအပေါ် ပြန်လည်သက်ရောက်မှုရှိနေမှာ ဖြစ်ပါတယ်။ လက်ရှိ ပဋိပက္ခတွေကြောင့် ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားတွေဟာ နယ်မြေချင်း ထိစပ်နေတဲ့ လာအိုနဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ လာအိုဟာ ဒီတနှစ်စာ သူ့ရဲ့ အာဆီယံဆိုင်ရာ စီမံကိန်းတွေကို ဆွေးနွေးဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို လွမ်ဘရာဘမ်မြို့မှာ ဖေဖော်ဝါရီလမတိုင်မီ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ အဲဒီအစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံက ချွတ်ခြုံကျနေတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ဟာလည်း ထိပ်ဆုံးကပါဝင်နေသလို အာဆီယံအနေနဲ့လည်း မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးအတွက် သဘောတူညီထားတဲ့ အချက် ၅ ချက်ကို ပြန်လည်သုံးသပ်ကြဖို့ လိုမှာဖြစ်ပါတယ်။
အခုလက်ရှိအချိန်မှာတော့ မြန်မာ့အရေးအတွက် အာဆီယံက ဦးစားပေး အာရုံစိုက် ဆောင်ရွက်နေတာဟာ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံအတွင်းနဲ့ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ နယ်စပ်ဒေသတလျှောက်က နိုင်ငံသားတွေကို လူမှုကူညီရေး အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ ပဋိပက္ခတွေ စဖြစ်ချိန်ကနေ အခုချိန်အထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အရေအတွက် အတိအကျ မသိရပေမဲ့ စုစုပေါင်း ၁ ဒသမ ၅ သန်းကျော် ရှိမယ်လို့ တချို့က ခန့်မှန်းထားကြပါတယ်။
ပြီးခဲ့တဲ့ လေးလတာကာလအတွင်း လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို အလေးမထားနိုင် ဖြစ်နေခဲ့တဲ့ ထိုင်းမှာ ၂၀၂၄ ခုနှစ်အတွက် ဘတ်ဂျက်ကို အောက်လွှတ်တော်က သဘောတူလိုက်ပြီဖြစ်တာကြောင့် ဝန်ကြီးချုပ် ဆေထာထဝီးဆင် ဦးဆောင်တဲ့ အစိုးရဟာ နိုင်ငံတော်လုံခြုံရေးနဲ့ မြန်မာ့အရေး အပါအဝင် တခြားအရေးကြီးပြဿနာတွေကို အာရုံစိုက် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံက ဆိုးရွားရှုပ်ထွေးတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖို့ နည်းဗျူဟာမြောက် စီမံကိန်းတွေ ရေးဆွဲနေတဲ့အချိန်မှာ ထိုင်းဒုရဲချုပ် ရွဲအင်းခါးဖိုင်းရို့ချ်ကို ထိုင်းနိုင်ငံတော်လုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်လိုက်တာဟာ မှန်ကန်တဲ့ အချိန်ကိုက် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ ဒုရဲချုပ်ရွဲဟာ အခုနှစ်နှောင်းပိုင်းမှာ အနားယူရတော့မှာဖြစ်တာကြောင့် သူ့ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံက အခြေအနေတွေ ပိုမိုဆိုးရွား ဆုတ်ယုတ်လာနေတဲ့ ဒီအချိန်မှာ သူဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ရှိတဲ့ နည်းဗျူဟာတခုကို ချမှတ် ဖော်ဆောင်ရတော့မှာလည်း ဖြစ်ပါတယ်။
အဆိုးဆုံးအနေနဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့ အုပ်ချုပ်ရေးယန္တရား ပြိုကျပျက်သုဉ်းသွားတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ လေ့လာသူတွေကရော ပညာရှင်တွေကပါ မြန်မာစစ်အာဏာရှင်တွေရဲ့ ကျဆုံးခန်း ရောက်လာတော့မှာဖြစ်တယ်လို့ ပြောနေကြပေမဲ့ ကျရှုံးနိုင်ငံတခု ဖြစ်သွားဖို့ ဆိုတာကတော့ မြန်မာနိုင်ငံအတွက် တော်တော်လေးကို ဝေးပါသေးတယ်။
စစ်ကောင်စီက နယ်မြေအတော်များများမှာ အရှုံးပေါ်နေပေမဲ့ အင်အား ၆၅,၀၀၀ လောက်ရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အသစ်ဆွဲခန့်ထားတဲ့ တပ်သားသစ်တွေ အပါအဝင် အင်အား ၃ သိန်းလောက်နဲ့ စစ်ကောင်စီက ပြန်လည်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလူအင်အားအချက်အလက်သာ အမှန်ဖြစ်ခဲ့ရင်တော့ သူဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ရယူကောင်း ရယူနိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌကတော့ ‘အသံတိတ်နိုင်ငံရေး’ လို့ခေါ်တဲ့ သူ့ရဲ့ နည်းလမ်းအတိုင်း စစ်ကောင်စီရဲ့ အဓိကရန်သူဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာ့ပဋိပက္ခမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ပါတယ်။
သူ့ရဲ့နည်းလမ်းအတိုင်း ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အသိအမှတ်ပြု ယူဆချက်တွေဟာလည်း အာဆီယံမှာ ပိုမိုအားကောင်းလာနေပါတယ်။ မြန်မာ့အရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အများအပြားနဲ့ တွေ့ဆုံဆက်ဆံခွင့် ရစေတာကြောင့် ထိုင်းနိုင်ငံက ကမကထပြုခဲ့တဲ့ ‘Track 1.5’ ကိုလည်း ဆက်လက်ဆောင်ရွက်သွားသင့်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်သစ် ဆေထာရဲ့ အစိုးရလက်ထက်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးနဲ့ ဆက်ဆံရေးအတွက် ထိုင်းက ပိုပြီး တက်တက်ကြွကြွရှိနေဖို့ လိုပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ အိန္ဒိယ အပါအဝင် မြန်မာနိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ထိုင်းက ဆွေးနွေးဖို့လိုတယ်လို့ ဘန်ကောက်ပို့စ်က ပြောပါတယ်။ မည်သို့ပင်ဖြစ်စေ ထိုင်းအစိုးရအနေနဲ့ အာဆီယံက ချမှတ်ထားတဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
မြန်မာ့အရေးအပေါ် အာဆီယံရဲ့ တုံ့ပြန်မှုကို ကြည့်ရင်လည်း အလှည့်ကျဥက္ကဋ္ဌ လာအိုက အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဝါရင့်နိုင်ငံရေးသမားဟောင်း အာလွန်ကဲအိုကစ်တီကွန်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စောလျင်စွာ ခန့်အပ် တာဝန်ပေးခဲ့ပြီး ဖြစ်ပါတယ်။ မစ္စတာ အာလွန်ကဲအိုကစ်တီကွန်ဟာကုလသံတမန်ဟောင်းလည်းဖြစ်၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်းလည်း ဖြစ်တာကြောင့် အာဆီယံသဘောတူညီချက် ၅ ချက်မှာ ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကူညီဖော်ဆောင်ရန်ဆိုတဲ့ အချက်ကို အင်တိုက်အားတိုက် ဆောင်ရွက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။ ဒီအတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် လာအိုက ရှေ့က ဥက္ကဋ္ဌတွေဖြစ်ခဲ့တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ ဆောင်ရွက်အောင်မြင်ခဲ့တဲ့ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွေပေါ်မှာ အခြေခံပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံက အခြေအနေတွေဟာ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေးမှာ နှောင့်နှေးစေခဲ့ပါတယ်။ အာဆီယံရဲ့ မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက် ၅ ချက်ဟာ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ပြည်သူ့သဘောထားအတိုင်း ငြိမ်းချမ်းတဲ့ အဖြေရရှိရေး ရည်ရွယ်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကြားမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာရန်၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်မှတဆင့် ဖျန်ဖြေဆွေးနွေးမှု ဆောင်ရွက်ပေးရန်၊ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ညှိနှိုင်းဆောင်ရွက်ရေး စင်တာမှတဆင့် လူမှုအကူအညီတွေ ပေးအပ်ရန်၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့အဖွဲ့က မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံး တွေ့ဆုံဆွေးနွေးရန်တို့ ဖြစ်ပါတယ်။
အချက် ၃၊ ၄ နဲ့ ၅ တို့မှာ တိုးတက်အောင်မြင်မှု အနည်းငယ်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ညှိနှိုင်းဆောင်ရွက်ရေးစင်တာနဲ့ မြန်မာကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်တည်းက စတင်ဆောင်ရွက်နေခဲ့ကြတာ ဖြစ်တာကြောင့် အခုနှစ်မှာ လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။
လာအိုရဲ့ ဥက္ကဋ္ဌသက်တမ်း ကာလအတွင်းမှာ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ရေးတွေမှာ ပိုမိုအားကောင်းလာအောင် အာရုံစိုက်ဆောင်ရွက်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ အဓိက မဏ္ဍိုင်သုံးခုဖြစ်တဲ့ နိုင်ငံရေး/လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှု-ယဉ်ကျေးမှုရေးရာတို့ကို ထည့်သွင်းတွက်ချက်ထားမှသာ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
အရင်နှစ်တွေက အလှည့်ကျဥက္ကဋ္ဌတွေ ဦးဆောင်ခဲ့တဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ့် လာအိုဟာ အာဆီယံအသိုက်အဝန်းမှာ မှီတင်းနေထိုင်နေကြတဲ့ လူဦးရေ သန်း ၆၇၀ ကျော်အတွက် ကပ်ဘေးအလွန် ပြန်လည်တည်ထောင်ရေးအပြင် တခြားသောလုပ်ငန်းတွေမှာ စီးပွားရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ပိုမိုဖိအားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လာအိုဟာ သူ့နိုင်ငံကို သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်အထောက်အပံ့ ကွင်းဆက်အတွက် အချက်အချာဒေသအဖြစ် ပြောင်းလဲနိုင်ဖို့လည်း ရည်ရွယ်ချက်ရှိနေပါတယ်။ အရှေ့တောင်အာရှဒေသတွင်းမှာ မြန်နှုန်းမြင့်ရထား ပထမဆုံးရှိထားခြင်းဟာ လာအိုအတွက် နိုင်ငံ့အနာဂတ်ရည်မှန်းချက်နဲ့ ကိုက်ညီနေကြောင်း ဖော်ပြနေပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ လာအိုဟာ သူ့ရဲ့ ဥက္ကဋ္ဌသက်တမ်းတလျှောက် အာဆီယံအဖွဲ့ရဲ့ အကျိုးကို ရှေးရှုပြီး ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ မစ္စတာ ဆယ်လွန်မ်ဆေ အတွက် ဒုတိယအကြိမ်မြောက် အာဆီယံဥက္ကဋ္ဌ တာဝန် ယူရခြင်းလည်း ဖြစ်ပါတယ်။ ပထမအကြိမ် အာဆီယံဥက္ကဋ္ဌတာဝန် ယူခဲ့ရတဲ့ ၂၀၁၆ မှာတော့ သူဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ယူရတဲ့အချိန်လည်း ဖြစ်တာကြောင့် လာလာချင်း ဆောက်နဲ့ထွင်း ဆိုသလို စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။
အာဆီယံရဲ့ စည်းရုံးနိုင်စွမ်းနဲ့ ဖျောင်းဖျနိုင်စွမ်းတွေဟာ အလှည့်ကျဥက္ကဋ္ဌနိုင်ငံရဲ့ တည်နေရာ ပထဝီဝင်၊ လူဦးရေတို့နဲ့ သက်ဆိုင်မှုမရှိဘဲ ဥက္ကဋ္ဌက ဦးဆောင်လမ်းပြတဲ့ အာဆီယံနည်းလမ်းပေါ်မှာသာ မူတည်ကြောင်း မြင်တွေ့နိုင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ကဝီချောင်ကစ်တာဗွန်
ဘာသာပြန်-ဥဿာဆန်း
(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ထိုင်းဝါရင့် သတင်းစာဆရာ ကဝီချောင်ကစ်တာဗွန်ရေးသားထားသည့် “Meaningful policy on Myanmar needed” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)