မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ်မှာ အထောက်အထား စာရွက်စာတမ်း မပါရှိဘဲ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို ဇန်နဝါရီ ၁၁ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပီရက်ပြည်နယ် ရေကြောင်းညွှန်ကြားရေးမှူး မိုဟာမက် ဟမ်ဘလီ ဦးဆောင်တဲ့ ကမ်းခြေစောင့်တပ်ဟာ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက ပီရက်ရေပြင် အနောက်တောင်ဘက်မှာ ရေဒါအချက်ပြတာကြောင့် သွားရောက်စစ်ဆေးခဲ့ရာ ကမ်းခြေမှ ၉ မိုင်အတွင်း ငါးဖမ်းနေတဲ့ လှေတစီးနဲ့ ကမ်းခြေမှ ၆ မိုင်ခွဲအတွင်း ငါးဖမ်းနေတဲ့ ငါးဖမ်းလှေ ၂ စီးကို တွေ့ရှိခဲ့ပါတယ်။
ငါးဖမ်းလှေ ၃ စီးပေါ်မှာ မြန်မာနိုင်ငံသား ၁၂ ဦးကို တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံသားတွေက အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့အပြင် ငါးဖမ်းလှေတွေဟာလည်း နိုင်ငံခြားသားလုပ်ပိုင်ခွင့် မှတ်ပုံမတင်ထားတာကြောင့် ပီရက်ကမ်းခြေစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံသား ၁၂ ဦးနဲ့အတူ လှေနဲ့ ငါးဖမ်းပစ္စည်းတွေကိုပါ သိမ်းဆည်းခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်း မပါရှိတာအတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ကမ်းခြေမှ ၁၅ မိုင်အတွင်း ငါးဖမ်းတာနဲ့ နိုင်ငံခြားသားလုပ်ခွင့် မှတ်ပုံမတင်ထားတာအတွက် ငါးလုပ်ငန်းဥပဒေနဲ့ ခွင့်ပြုချက် မတောင်းခံဘဲ ငါးဖမ်းတဲ့အတွက် ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုသွားမယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံပိုင် ပင်လယ်ပြင်ထဲမှာ ဇန်နဝါရီ ၇ ရက်နေ့က အထောက်အထား စာရွက်စာတမ်း မပါရှိဘဲ တရားမဝင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။