ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့်ကိုချိုးဖောက်တယ်ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ တလ အတွင်း စစ်ကောင်စီက ဒေသခံ အယောက် ၃၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေအရေး ဆောင်ရွက်နေတဲ့သူတွေဆီက သိရပါတယ်။
ညမထွက်ရအမိန့် ချိုးဖောက်တယ်လို့ဆိုပြီး အမျိုးသား ၁၉ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်ဖမ်းဆီးခံရပြီး ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော်၊ ဇလွန်၊ ကြံခင်း၊ အင်္ဂပူ၊ ငပုတော၊ ဝါးခယ်မ၊ ကျုံပျော် စတဲ့ မြို့နယ်တွေမှာ အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေအရေး ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ တယောက်က "မနက် အလုပ်ဆင်းတဲ့အခါ အလုပ်ကိုထည့်သွားဖို့ ဈေးဆိုင်မှာ လိုအပ်တာ လေးတွေကို အိမ်အပြင်ဘက် ထွက် ဈေးဝယ်တာကို ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး ဖမ်းခံရတာ။ မရေမရာနဲ့ အဖမ်းခံရသူတွေ များတယ်။ အဖမ်းခံရတာတွေ မနည်းတော့ဘူး ၊ တစ်လ အတွင်းမှာ ဆိုရင်တော့ အဖမ်းခံရသူ ၃၀ နီးပါး လောက်ရှိခဲ့တယ်။ စစ်ကောင်စီက ဧရာဝတီတိုင်းဘက်ကို PDF တွေ ဝင်လာတယ်၊ ဝင်လာတယ်ဆိုပြီး အရင်ကထက် လှည့်ကင်း ပတ်ကင်းတွေကိုနေ့စဉ်လုပ် နေတာတွေ့ရတယ်။ ဖမ်းဆီးပြီး ဟိုအဖွဲ့နဲ့ ပတ်သက်တယ် ဒီအဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲတာ”လို့ ပြောပါတယ်။
ညမထွက်ရ အမိန့်ချိုးဖောက်တယ်ဆိုပြီး အဖမ်းခံရတဲ့ သူတွေထဲမှာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းအရွယ်တွေ အများဆုံးပါဝင်ပြီး ဖမ်းတဲ့အချိန် စစ်တပ်နဲ့ ရဲတွေက ပြည်သူတွေကို ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ အများစုဟာ ဆိုင်ကယ်ကယ်ရီသမားတွေ၊ စက်ရုံဝန်ထမ်းတွေ တွန်းလှည်းနဲ့ ဈေးရောင်းသူတွေ၊ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ တောင်သူလယ်သမားတွေမအများဆုံး ပါဝင်ပြီ ဘယ်သူ့ကိုမှ အမှုဖွင့်မထားသေးဘူးလို့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။