မန္တလေးတိုင်း ကျောက်ဆည်မြို့ စုကြီးရပ်ကွက် မြို့မစျေးအပြင်ဘက် စျေးတန်းရှိ ရွှေဆိုင် ၂ ဆိုင်ကို ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ အမည်မသိလက်နက်ကိုင်ဆောင်ထားသူ ၅ ဦးက ဓားပြတိုက်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
"ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်တွေပစ်ဖောက်ပြီး သေနတ်ဒင်တွေ၊ တူတွေနဲ့ မှန်ကောင်တာတွေကို ရိုက်ခွဲပြီး ရွှေတွေလုပ်သွားတာ။ လူတွေတော့ ပစ်တာခတ်တာမရှိဘူး။ ရွှေဆိုင် ၂ ဆိုင်လုံး ပါသွားတယ်။"
ဓားပြတိုက်ခံရတဲ့ ဦးသန်းထွန်း+ဒေါ်ခင်မာရီ ရွှေပန်းတိမ်ဆိုင်မှာ ရွှေထည်ပစွည်း ၃၀ ကျပ်သားနဲ့ ဦးသန်းနိုင်+မသူဇာဝင်း ရွှေပန်းတိမ်ဆိုင်မှာ ရွှေထည်ပစွည်း ၄၀ ကျပ်သား စုစုပေါင်း ရွှေထည်ပစွည်း ၇၀ ကျပ်သား ပါသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"နှစ်ဆိုင်ကို ရွှေ ၇၀ သားလောက် သိန်းနှစ်ထောင်ကျော်ဖိုး၊ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတဲ့ ဒေသခံတွေရှိတယ်။ စစ်တပ်ရော၊ ရဲရော၊ ဓားပြတွေပြန်သွားပြီး အေးဆေးမှ ရောက်လာတယ်၊ ကျည်ခွံတွေ လိုက်ကောက် မှတ်တမ်းယူပြီး ပြန်သွားတယ်။"
ကျောက်ဆည်မြို့ အဝင်အထွက်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက လတ်တလော ပိတ်ဆို့စစ်ဆေးနေပေမဲ့ ဖမ်းဆီးရမိခြင်းမရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။