Home
နိုင်ငံတကာ
အီကွေဒေါတွင် အကြမ်းဖက်ဝါဒဆန့်ကျင်သည့်စစ်ပွဲ ဖြစ်နေဟု သမ္မတ နိုဘိုအာ ပြော
DVB
·
January 11, 2024
Ecuador President_11012024

အီကွေဒေါသမ္မတ ဒန်နီရယ်နိုဘိုအာဟာ  နိုင်ငံမှာအကြမ်းဖက်မှုတွေ မြင့်တက်လာပြီးနောက် ဇန်နဝါရီ ၁၀ ရက်က နိုင်ငံရပ်ခြား သံတမန်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူ့နိုင်ငံဟာ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့စစ်ပွဲဖြစ်နေတယ်လို့  ပြောကြားလိုက်ပါတယ်။

အီကွေဒေါသမ္မတနဲ့တွေ့ဆုံခဲ့တဲ့ သံတမန်တွေကလည်း အီကွေဒေါအစိုးရရဲ့ ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အရေးယူဆောင်ရွက်မှုတွေကို ထောက်ခံကြောင်း ပြသခဲ့ကြတယ်လို့လည်း နိုင်ငံခြားရေးဌာနက လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

အီကွေဒေါမှာ အကြမ်းဖက်မှုတွေဆက်တိုက် ဖြစ်ပွားပြီးနောက် တရားဥပဒေစိုးမိုးရေး ပြန်လည်ထူထောင်ဖို့ စစ်တပ်ကို တပ်ဖြန့်ထားပြီး အကြမ်းဖက်သမား ၃၂၉ ဦးကိုလည်း ဖမ်းဆီးခဲ့ကာ လုံခြုံရေး စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် တခြားသူ ၅ ဦး သေဆုံးခဲ့ကြောင်း အီကွေဒေါ လက်နက်ကိုင်တပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှာ မီဒီယာကို ပြောပါတယ်။

အီကွေဒေါရှိ အကျဉ်းသားတွေဟာ အနည်းဆုံး အကျဉ်းထောင် ၅ ခုမှာ အကျဉ်းထောင်အစောင့်တွေနဲ့ အခြားဝန်ထမ်း ၁၃၀ ကျော်ကို ဓားစာခံအဖြစ် ချုပ်နှောင်ထားတာပါ။

ဓားစာခံတွေကို ဖမ်းဆီးထားတဲ့ ရာဇဝတ်ဂိုဏ်းတွေကို အလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း သမ္မတ နိုဘိုအာက ကာနေလာ ရေဒီယိုမှာ ဗုဒ္ဓဟူးနေ့က ကတိပြု ပြောကြားခဲ့ပါတယ်။

ဒီအကြမ်းဖက်မှုဟာ မူးယစ် ရာဇဝတ်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေအတွက် လုံခြုံရေးမြင့် အကျဉ်းထောင်အသစ်တွေကို တည်ဆောက်မယ်ဆိုတဲ့ နိုဘိုအာရဲ့ အစီအစဉ်ကို တုံ့ပြန်မှုဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့ပါတယ်။

အကျဉ်းသားအများစုဟာ လော့စ် ချနေရိုးစ်၊ လော့စ် လိုဘော့စ်နဲ့ လော့စ် တီဂယ်ရော့နေးစ် တို့လို မူးယစ်ရာဇဝတ်ဂိုဏ်းတွေက ဂိုဏ်းသားတွေ ဖြစ်ကြပါတယ်။

နိုဝင်ဘာလကမှ အာဏာရလာတဲ့ သမ္မတ နိုဘိုအာဟာ အီကွေဒေါကနေတဆင့် ကိုကင်းတွေ သယ်ဆောင်လာတဲ့ မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေ တိုးပွားလာတာကြောင့် ကြီးထွားလာတဲ့ လုံခြုံရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လော့စ် ချိုနေးရိုစ် မူးယစ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် အဒေါ့လ်ဖို မားစီးယပ်စ်ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်သွားပြီးနောက် ဇန်နဝါရီ ၈ ရက် အစောပိုင်းမှာပဲ ဓားစာခံဖမ်းဆီးမှုတွေ စတင်ဖြစ်ပွားလာခဲ့ပြီး သမ္မတ နိုဘိုအာက ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်မှာတော့ သမ္မတ နိုဘိုအာက ဂိုဏ်း ၂၂ ဂိုဏ်းကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီအဖွဲ့တွေကို စစ်တပ်ပစ်မှတ်အဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတဝန်းမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ပေါ်ပေါက်လာပြီး ရုပ်မြင်သံကြားဌာန အဆောက်အဦကိုလည်း ဝင်ရောက်စီးနင်းကာ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ဆောင်လာခဲ့တဲ့နောက် သမ္မတ နိုဘိုအာဟာ ဇန်နဝါရီ ၁၀ ရက်မှာ သူ့ရဲ့ အမိန့်ထုတ်ပြန်ချက်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013