လက်နက်ကိုင်အဖွဲ့အစည်းတရပ်ဟာ ပထမဆုံးအနေနဲ့ မှန်ကန်တဲ့ တွေးခေါ်မြော်မြင်မှု သဘောတရားနဲ့ တရားမျှတမှုကို အခြေခံတဲ့ ရည်မှန်းချက်ရှိဖို့ ထိန်းသိမ်းဖို့ အလွန်အရေးကြီးလှပါတယ်။ မြန်မာ့တပ်မတော် အမည်ခံထားခဲ့ စစ်ဓားပြဂိုဏ်းဟာ တပ်မတော်ရဲ့ မူလဘူတ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသား အများပြည်သူရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ် ဆိုတဲ့ ရည်မှန်းချက် ပျောက်ဆုံးသွားခြင်းဟာ စစ်ဝိညာဉ် ပျောက်ဆုံးသွားခဲ့တာမို့ လက်ရှိအချိန် စစ်ရှုံးနေရတာ မဆန်းလှပါဘူး။
တကယ်တော့ တပ်မတော် အမည်ခံ စစ်ဓားပြဂိုဏ်းမှာ စစ်ဝိညာဉ် ပျောက်ဆုံးသွားခဲ့ရတာကို ပြန်လည်ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့က စတင်ပြီး စစ်တပ်ရဲ့ ပြည်သူလူထု ကာကွယ်ရေးတာဝန်နဲ့ ရည်မှန်းချက်ကနေ သွေဖည်ပြီး အရပ်ဘက်အုပ်ချုပ်ရေး ရည်မှန်းချက် ထားရှိလာခြင်းက စခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
သိမီကြသူတွေ မှတ်မိကြပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်အခွင့်ထူးခံ နေဝင်းဟာ အရပ်သား ပါလီမန်အစိုးရထံက အာဏာလုယူခဲ့ပြီးတဲ့နောက် အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကို သိမ်းပိုက်ပြီး မြို့နယ်လုံခြုံရေး (နလက)၊ ရပ်ကွက်လုပ်ခြုံရေး (ရလက) အဖြစ် ပြည်သူလူထုကို စစ်မိန့်နဲ့ အုပ်ချုပ်ခဲ့ကြရာက နောက်တော့ မြို့နယ်ကောင်စီ၊ ရပ်ကွက်ကောင်စီလို့ အမည်ပြောင်းပြီး ဆက်အုပ်ချုပ်ခဲ့ကြပါတယ်။
အဲဒါတင်မက ဝန်ဆောင်မှု အပါအဝင် အစိုးရလက်အောက်ခံ အရပ်ဘက်ဝန်ထမ်းဌာန အားလုံးရဲ့ အမြင့်ဆုံးနေရာတွေ၊ မရှက်တတ်ရင် တောင်းစားနိုင်တဲ့ လာဘ်လာဘဝင်ငွေ အကောင်းဆုံးနေရာတွေရဲ့ ရာထူးအကြီးပိုင်းတွေမှာ ကောင်းကင်ပေါ်က ကျလာသလို ချက်ချင်း အရှင်မွေး နေ့ချင်းကြီးကြတာမို့ မိုးကျရွှေကိုယ်လို့ စစ်တပ်ကလာတဲ့ ရာထူးလုယူသူတွေကို ခေါ်ဝေါ် လှောင်ပြောင်ခဲ့ကြတာလည်း ရှက်စရာလို့ သူတို့ မမြင်ခဲ့ကြပါဘူး။
ဒါဟာ နိုင်ငံတော်အာဏာကို ဓားပြတိုက် လုယူရာကစပြီး ရာထူးဓားပြတိုက် လုယူခဲ့ကြတာပါပဲ။ အာဏာရာထူး သိမ်းပိုက်ပြီးတဲ့နောက်တော့ ပြည်သူပိုင်ပြုတယ် ခေါင်းစဉ်တပ်ပြီး ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံပိုင်မြေယာတွေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကိုပါ ဓားပြတိုက် လုယူခဲ့ခြင်းနဲ့ စစ်ဝိညာဉ်၊ သို့မဟုတ် ပြည်သူ့ကာကွယ်ရေးဝိညာဉ် ပျောက်ဆုံးခဲ့ရပြီး စစ်ဓားပြဝိညာဉ် ပူးကပ် ရူးသွပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဗိုလ်နေဝင်းကနေ စခဲ့တဲ့ စစ်ဓားပြမျိုးဆက်ဟာ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်ပုမင်းအောင်လှိုင် အထိ စစ်ဓားပြဝိညာဉ်ကို လက်ဆင့်ကမ်းယူပြီး ‘တပ်မတော်သာ အမိ တပ်မတော်သာ အဖ’ ဆိုတဲ့ဆောင်ပုဒ်ဟာ ‘ဓားပြသာလျှင် အမိ၊ ဓားပြသာလျှင် အဖ’ ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ခဲ့ပြီး ခိုးစားတိုက်စားဖို့ ကိုယ့်အလှည့်ရောက်ဖို့ တန်းစီစောင့်ကြတဲ့ လဒအုပ်ကြီးသဖွယ် အဘဓားပြယဉ်ကျေးမှုဆိုးကြီး တည်ထောင်လို့ နိုင်ငံနဲ့ ပြည်သူအပေါ် သောင်းကျန်း ဗိုလ်ကျခဲ့ကြပါတယ်။
အခုနောက်ဆုံး အာဏာလုစစ်ဓားပြကတော့ အားလုံးသိကြတဲ့အတိုင်း ယတြာရူး၊ သမ္မတရူး မင်းအောင်လှိုင် ဖြစ်ပါတယ်။ သူ့အလှည့်မှာတော့ စစ်ဓားပြဂိုဏ်းရဲ့ နောက်ဆုံးအဆင့် အသက်ငင်ချိန် ရောက်လာတာမို့ နိုင်ငံသူ နိုင်ငံသားတွေအပေါ် အမြင့်မားဆုံး နည်းလမ်းစုံသုံးပြီး ရက်စက်ယုတ်မာခဲ့ကြပါတယ်။ ပြည်သူ့ဦးခေါင်းကို မှန်အောင်ပစ်၊ သေသည်အထိ ရိုက်နှက်၊ မုဒိမ်းကျင့် အစဖျောက်၊ မြို့ရွာ မီးရှို့၊ လူထုအိမ်ရာတွေကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ စစ်ရဟတ်ယာဉ်တွေနဲ့ စာသင်ကျောင်းတွေ ပစ်ခတ် သတ်ဖြတ်၊ အမြောက် လက်နက်ကြီးတွေနဲ့ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းတွေကို ဖျက်ဆီး သတ်ဖြတ်ခဲ့ကြပါတယ်။
ဒါကြောင့်မို့လို့လည်း အများပြည်သူရဲ့ အမုန်းနဲ့ ကျိန်စာ ပိုလို့သင့်လာသလို စစ်ဝိညာဉ်၊ သို့မဟုတ် ပြည်သူ့ကာကွယ်ရေးဝိညာဉ် ပျောက်ဆုံးသွားတာမို့ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတိုင်းမှာ စစ်ဓားပြတပ်ဟာ အကြီးအကျယ် ရှုံးနိမ့်နေရတာ မဆန်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ပြည်သူအပေါ် သစ္စာဖောက်တဲ့ သမိုင်းဆိုးနဲ့ စိတ်ဓာတ် ရိုက်ချိုးခံရလို့ စစ်မတိုက်ချင်တော့တဲ့ စစ်ဗိုလ် စစ်သားတွေဟာ အလွယ်တကူ လက်နက်ချ အလံဖြူထောင်ရင်း စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်ကြီးတွေကို ဆွဲချလို့ ငရဲပြည်ကို သွယ်ဝိုက် ပို့ဆောင်နေကြတာ ဖြစ်ပါတယ်။
အခုရက်ပိုင်း သတင်းတွေထဲမှာ မြန်မာ့သမိုင်းမှာ မကြုံစဘူးအောင် စစ်ဓားပြတပ်တော်ရဲ့ ရှုံးနိမ့် လက်နက်ချခဲ့ရတဲ့ အဖြစ်အပျက်ကတော့ လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တခုလုံး အပါအဝင် တပ်မ ၅၅၊ အမှတ် ၁၂ (စကခ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၁၄(စကခ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၁၆(စကခ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အားလုံး ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်မှာ လက်နက်ချခဲ့ကြတဲ့ သမိုင်းဝင်နေ့တနေ့ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ Operation ဖော်ဆောင်လာတဲ့ ၇၁ ရက်မြောက်နေ့မှာ လောက်ကိုင်ဒေသမှာရှိတဲ့ ဗိုလ်မှူးချုပ် ၆ ဦး၊ တပ်ဖွဲ့ဝင် ၂,၁၀၀ ကျော်၊ တပ်မိသားစုဝင် ၁,၆၀၀ ကျော် စုစုပေါင်း ၃,၇၂၄ ဦး လက်နက်ချခဲ့ကြသလို နောက်တနေ့ ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် လောက်ကိုင် နမ်ထင်းမိန်ရှန်း တောင်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကလည်း လက်နက်ချ အလင်းဝင်လာခဲ့တာကြောင့် စုစုပေါင်း ဗိုလ်မှူးချုပ် ၆ ဦး၊ တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၄,၀၂၄ ဦး အညံ့ခံ လက်နက်ချ အလင်းဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့လည်း ဇန်နဝါရီ ၆ ရက်နေ့မှာ ညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊ သိန္နီမြို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ-၆၉ ကို မဟာမိတ်အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ တောင်ရှည်တောင် ဗျူဟာကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး တယောက်မကျန် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထပ်ပြီး ဇန်နဝါရီ ၇ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကိုလည်း တအာင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံတော်ကို ပုန်ကန်ပြီး ပြည်သူလူထုကို သစ္စာဖောက်ခဲ့တာမို့ စစ်ဝိညာဉ် ပျောက်ဆုံးသွားတဲ့ စစ်ဓားပြတပ်မတော်ဟာ နေဝင်သွားခဲ့ပါပြီ။ တိုက်သမျှ စစ်ပွဲတိုင်း ရှုံးနိမ့်လာရင်း နောက်ထပ်လည်း ဒီထက်ကြီးကျယ်တဲ့ အရှုံးတွေ ရင်ဆိုင်ရမှာဖြစ်ပြီး မြန်မာပြည်သူလူထု ရှေ့မှောက်မှာ စစ်အခွင့်ထူးခံ ဗိုလ်ချုပ်အားလုံး ဒူးထောက်အညံ့ခံကြရမှာ မလွဲဧကန် ဖြစ်ပါတယ်။
ပါးနပ်ပြီး အခြေအနေမှန်ကို ရိပ်စားမိကြတဲ့ ဗိုလ်မှူးချုပ်တွေကတော့ အချိန်မီ လက်နက်ချပြီး အသက်ဘေးက လွတ်မြောက်အောင် ရုန်းထွက်လာကြပါပြီ။ ကျန်ရှိနေတဲ့ စစ်တိုင်းမှူးတွေ၊ ဗိုလ်ချုပ်ကြီးတွေလည်း ဆင်သေကောင်ကြီးနဲ့တူတဲ့ စစ်ဓားပြတပ်ကို ဆက်လက်ဖက်တွယ်ရင်း ယတြာရူး သမ္မတရူး မင်းအောင်လှိုင်နဲ့အတူ မိမိရော မိမိ မိသားစုပါ ဘဝအဆုံးခံမလားဆိုတာ တခုတည်းသော ထွက်ရပ်လမ်းဖြစ်တဲ့ လက်နက်ချ အညံ့ခံပြီး ပြည်သူ့ဘက် ခိုလှုံမလားဆိုတာ အမြန်ဆုံး ပြတ်ပြတ်သားသား ရွေးချယ်ရမယ့်အချိန် ဆိုက်ရောက်နေပါကြောင်း နောက်ဆုံးအနေနဲ့ ထပ်လောင်းသတိပေးအပ်ပါတယ်။
မင်းကောင်းချစ်