ရန်ကြီးအောင်စိန်ဝင်း၊
ကွယ်လွန်ခြင်းရဲ့ သုံးဆယ့်သုံးနှစ်၊
ယနေ့ဖြစ်ပြီ မမေ့သည်က ရဲနီများ။ ။
ဇန်နဝါရီလ ၈ ရက်နေ့ ၁၉၉၁ ခုနှစ်က ရန်ကြီးအောင် ဦးစိန်ဝင်းဟာ စစ်အာဏာရှင်တွေရဲ့ အင်းစိန်အကျဉ်းထောင်အတွင်း နှိပ်စက်မှု၊ ဆေးဝါးကုသမပေးတာတွေကြောင့် ထောင်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ရတာပါ။ ဒါကြောင့် အခု ၀၈ ဇန်နဝါရီ ၂၀၂၄ ခုနှစ်မှာ သူ ကျဆုံးသွားခဲ့ရတာ ၃၃ နှစ် ပြည့်ခဲ့ပါပြီ။ သူ မရှိတော့တဲ့ ၃၃ နှစ်ကြာ ကာလတိုင်အောင် သူ့ကို ကျနော်က ဘာကြောင့် သတိရနေရသလဲ။ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေက ဘာကြောင့် သတိရနေကြရပါသလဲ။ မေးလာမယ်ဆိုပါက ဦးစိန်ဝင်းဟာ အဖိနှိပ်ခံ မြန်မာပြည်သူလူထုအတွက် အသက်စွန့်ခဲ့သူဖြစ်သလို စစ်အာဏာရှင်တွေကိုလည်း “ရန် ငါ” စည်းခြား၊ ပြတ်ပြတ်သားသား၊ စွန့်စားတော်လှန်သွားခဲ့သူ ဖြစ်လို့ပါ။
ရန်ကြီးအောင်စိန်ဝင်းအကြောင်း
သူ့အကြောင်းကိုရေးဖို့ ကျနော် ကြိုးစားရပါတယ်။ ပထမက ရက်စွဲတွေ မှတ်သားထားတာကို ပြန်ရှာရတာပေါ့။ ရှာရင်းက NLD ၁၉၉၀ အမတ် ဦးတင်မောင်ဝင်း (ခရမ်း) ဆုံးပါးတာက ၁၈ ဇန်နဝါရီလ ၁၉၉၁ ခုနှစ်။ ဦးစိန်ဝင်းကတော့ ဇန်နဝါရီ ၈ ရက်မှာပေါ့။ သူတို့သူငယ်ချင်း နှစ်ယောက် လက်ပြနှုတ်ဆက်သွားတဲ့ရက်တွေ သိပ်မကွာကြပါဘူး။ ကျနော်က ဒီဗွီဘီသတင်း၊ ဖီချာ၊ ပရိုဂရမ်တွေနဲ့ နပန်းလုံးနေရတာကြောင့် မအားလှပါ။ ဒါကြောင့် ဒါကိုရေးတာ နောက်ကျတယ်ပေါ့။ တိုတိုပဲရေးပါမယ်။ ဦးစိန်ဝင်းဟာ ရန်ကုန်တိုင်း၊ သုံးခွမြို့ ပင်လယ်ကမ်းခြေက ရန်ကြီးအောင်ရွာ ဇာတိ (တကယ် သူ့ကိုမွေးတာက ရန်ကြီးအောင်နဲ့ ကပ်လျက်က သမစိတ္တရွာပါ။) ဖြစ်လို့ ရန်ကုန်တက္ကသိုလ် (တကသ) ကျောင်းသားခေါင်းဆောင် ဖြစ်လာတဲ့အခါ သူ့ကို ရန်ကြီးအောင်စိန်ဝင်းလို့ ခေါ်ခဲ့ကြတာပါ။ သူတို့ငယ်စဉ် တိုးတက်သော ကျောင်းသားထုကြား ခေတ်စားခဲ့တဲ့ ကွန်မြူနစ်ဝါဒကို ယုံကြည်သူပါ။ မတရားမှုတွေ့တိုင်း ဆန့်ကျင်သူမို့ ခေတ်အဆက်ဆက် အစိုးရတွေက သူ့ကို ရန်သူလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ရန်ကြီးအောင်ဦးစိန်ဝင်းဟာ စကားပြောရင် ဒေါသမပါ မတိုးမကျယ် ပြတ်ပြတ်သားသား ပြောတတ်တယ်။ စည်းရုံးရေးမှူးကောင်း တယောက်ပါ။
ပြည်သူအပေါင်း၊ ဆင်းရဲကြောင်းဖန်
တရားခံဟာ၊ စစ်အာဏာရှင် ဖြစ်ပါ၏။
ပြည်သူအများ၊ ဆင်းရဲကြားမှ
လွတ်မြောက်ကြရေး၊ ဖယ်ရှားပေးပါ
ရှေ့ဦးစွာပင်၊ စစ်အာဏာရှင်ကိုသာတကား။ ။
ဒီစာစုကလေးကတော့ ကျနော်တို့ ဦးစိန်ဝင်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကာလ အတူရှိခဲ့ကြစဉ်က သူအမြဲပြောသမျှ စကားစုလေးတွေကို စိတ်ထဲမှာ ပြန်မှတ်မိသလို ရေးထားတာပါ။ ဒါဟာ ရန်ကြီးအောင်စိန်ဝင်းရဲ့ ခံယူချက်ပါ။ ဒီနေ့ နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်နဲ့လည်း တူညီနေတာကို တွေရမှာပါ။
ဦးစိန်ဝင်း
၁၉၉၄ ခုနှစ် နိုဝင်ဘာလ ပထမအကြိမ်ထုတ် (နဝတအကျဉ်းထောင်အတွင်းမှ အာဇာနည်များ စာအုပ်) မှာ အခုလို ဖော်ပြထားပါတယ်။
ဦးစိန်ဝင်းသည် အသက် ၅၄ နှစ်ရှိခဲ့ပြီး သုံးခွမြို့ ဇာတိဖြစ်သည်။ သူ့အား ရင်းနှီးသော မိတ်ဆွေများက ရန်ကြီးအောင်ဟု ခေါ်လေ့ရှိကြသည်။ ၁၉၅၄ ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ စတင်တက်ရောက်သည်မှစ၍ တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုတွင် ထင်ရှားသော ခေါင်းဆောင်တယောက် ဖြစ်ခဲ့သည်။ ကျောင်းသားညီညွတ်ရေးတပ်ဦး အမှုဆောင်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တဦး ဖြစ်ခဲ့ရုံမက ၁၉၇၁ ခုနှစ် မေလမှ ဇူလိုင်လအထိ ဖြစ်ခဲ့သော မဆလဆန့်ကျင်ရေး ကိုကိုးကျွန်း အစာငတ်ခံ တိုက်ပွဲတွင် ၅၄ ရက်ကြာ အစာငတ်ခံခဲ့ရာ အာဏာပိုင်များက အလျှော့ပေး၍ တိုက်ပွဲရပ်သောအချိန်တွင် လုံးဝ သတိလစ်နေခဲ့ပြီး မိတ်ဆွေများ၏ ပြုစုမှုကြောင့် တဖြည်းဖြည်း နာလန်ထစပြုလာသည်။ ထိုအချိန်တွင် ကိုကိုးကျွန်းမှ အင်းစိန်ထောင်သို့ ပြန်ပို့ခံရပြီး အင်းစိန်ထောင်၌ တိုက်ပိတ်ခံရပြန်သဖြင့် တကိုယ်လုံး ကုမရသော နာတာရှည်ဘဝ ရောက်သွားရသည်။
၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတွင် သူသည် သုံးခွမြို့သာမက ခရမ်း၊ သန်လျင်နှင့် ကျောက်တန်း ၃ မြို့ ပူးတွဲကော်မတီကိုပါ ဦးဆောင်မှု ပေးခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် အာဏာသိမ်းပြီးနောက် သပိတ်ကော်မတီဝင်များနဲ့အတူ နယ်စပ်ဘက်သို့ အလာတွင် မူလကျန်းမာရေး ချို့ယွင်းမှုကြောင့် လမ်းခရီး ဖင့်နှေးနေရသည့်အပြင် မတော်တဆ ခြေထောက်ဒဏ်ရာရပြီး နဝတ စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည်။
သူ့အား သုံးခွရဲစခန်းကို စီးနင်းတိုက်ခိုက်မှုဖြင့် စွဲချက်တင်ခံရသည်။ လက်နက်များ သိုဝှက်ထားမှုဖြင့် စစ်ဆေးခံနေရစဉ် ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အသည်းအသန် နေမကောင်းဖြစ်လာပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီလဆန်းတွင် ဆေးရုံသို့ တင်ရသည်။ သို့သော် ဇန်နဝါရီလ ၈ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ သူ့အား စစ်တပ်မှ နှိပ်စက်နည်းတခုအဖြစ် မှန်စများကို အဓမ္မမျိုခိုင်းခြင်းကြောင့် အူများတွင် ရှရာများ၊ ပေါက်ရာများဖြင့် ပြည့်နှက်နေပြီး သေဆုံးသွားရခြင်းဟု ဆရာဝန်များက ပြောပြကြသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမိုးကြိုး ပြောပြတဲ့ ဦးစိန်ဝင်းအကြောင်း
ဦးမိုးကြိုး (ဥက္ကဋ္ဌ၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မီတီ - JACBA) ဟာ အခုအခါ ထိုင်းအခြေစိုက် အလုပ်သမားအရေး လှုပ်ရှားနေသူပါ။ ဦးမိုးကြိုးဟာ ၁၉၈၈ ကာလက ကျောင်းသားလှုပ်ရှားမှုကြောင့် ထောင်တွင်းရောက်ချိန် ရန်ကြီးအောင် ဦးစိန်ဝင်းနဲ့ ဆုံခဲ့ဖူးပါတယ်။ ဒီအခါ ဦးစိန်ဝင်းရဲ့ နိုင်ငံရေး အယူအဆတွေကို သိခွင့်ရခဲ့သလို ဒီအထဲမှာ စာဖတ်နည်းအကြောင်းတွေကိုလည်း သိခဲ့ရပါတယ်။
ရန်ကြီးအောင်စိန်ဝင်း စာဖတ်နည်း
တချို့က ဦးစိန်ဝင်း (သုံးခွ) လို့လည်း ခေါ်ကြပါတယ်။ ၁၉၈၈ မတိုင်မီ ကျနော်နဲ့ အိမ်နားနီးချင်း ဖြစ်တဲ့ ဦးစိန်ဝင်းဟာ စာအုပ်စာပေတွေအကြောင်း ပြောကြားရာမှာ ပိုင်နိုင်လှပါတယ်။ စာအုပ်တော်တော်များများကို ဖတ်ထားပုံရပေမဲ့ စာအုပ်ပါ အချက်အလက်တွေအကြောင်း ပြောရာမှာတော့ သူဟာ တိကျလှပါတယ်။ သူ့ရဲ့တူတွေဖြစ်တဲ့ ကိုချစ်ကိုကိုတို့ ကိုချစ်ဦးတို့ ဆိုသူတွေတောင် စာဖတ်ရာမှာ စာအုပ်အကြောင်း ဆွေးနွေးရာမှာ တိကျပြတ်သားအောင် ဦးစိန်ဝင်းက သင်ပေးထားပုံရပါတယ်။ သူ့တူတွေ သူ့မွေးစားသားသမီးတွေတောင် သူ့လိုဖြစ်အောင် သင်ပေးထားပုံပါ။ တောင်ကိုရီးယားက NLD LA ဥက္ကဋ္ဌဟောင်း ကိုအောင်မြင့်ဆွေဟာ သူ့ရဲ့ မွေးစားသားပါ။ ဦးစိန်ဝင်းက လူပျိုကြီးပါ။ သူ လူပျိုကြီး ဖြစ်ရတာကလည်း မယားတွဲလဲ ရင်သွေးတွေတွဲလွဲ ဖြစ်နေရင် တော်လှန်ရေးလစ်ဟင်းမှာစိုးလို့ နှောင်ကြိုး ကြိုဖြတ်ထားခဲ့တာလို့ ပြောပြဖူးပါတယ်။ ဒီနေ့ ကိုမိုးကြိုးပြောတဲ့ ဦးစိန်ဝင်းရဲ့ စာဖတ်နည်းအကြောင်းကို အခု ပြောပါတော့မယ်။
စာတအုပ်ကို ငါးခါ ပုံစံငါးမျိုး ဖတ်သူ
ဦးမိုးကြိုး ပြောပြချက်ကို ပြန်ရေးပြတာပါ။ ဦးစိန်ဝင်းပြောတာက စာဖတ်နည်းငါးမျိုး ရှိတယ်တဲ့။ ပထမ စာတအုပ်ကို အပေါ်ယံသာ အမြန်ဖတ်ပါတဲ့။ ဒုတိယတခေါက်ကျတော့ နည်းနည်းလေး အားစိုက်ဖတ်ပါတဲ့။ တတိယတခေါက်ကျတော့ ပိုမို အားစိုက်ဖတ်ပါတဲ့။ ၄ ကြိမ်မြောက်ကျတော့ သေချာစွာ အချက်အလက်ကလေးတွေ ရေးထုတ်ပြီး ဖတ်ပါတဲ့။ နောက်ဆုံး နံပါတ်ငါး အခေါက်မှာတော့ ရေးသူ စာရေးဆရာရဲ့ နောက်ကြောင်း ရာဇဝင်ကိုပါ လိုက်စုံစမ်းပါတဲ့။ စာရေးဆရာ ဘယ်လိုစေတနာနဲ့ ရေးတယ်။ တကန့်စီ တကန့်စီ ပေါ်လွင်ထင်ရှားအောင် အသေးစိတ် အနုစိတ်ပြီး ဖတ်ပါတဲ့။ စာအုပ်တအုပ်ကို ငါးခါ ပုံစံငါးမျိုး ဖတ်ပါတဲ့။ ရန်ကြီးအောင်စိန်ဝင်း စာဖတ်နည်းပါ။ ဦးမိုးကြိုး ပြန်ပြောပြတာပါ။
၃၃ နှစ်တိုင် မမေ့နိုင်ကြသူများ
ဦးစိန်ဝင်း ကိုယ်တိုင်လည်း သူ သက်ရှိထင်ရှားရှိစဉ်က သူ့ရဲဘော်တွေ ကျဆုံးခဲ့တဲ့ နှစ်ပတ်လည် နေ့များမှာဆိုရင် မျက်နှာထားတင်းမာပြီး ဘယ်သူ့ကိုမှ စကားမပြောမဆို နေခဲ့ဖူးပါတယ်။ အဲ့သည်အချိန်မှာ သူ့ကိုမေးရင် ဒီနေ့ဟာ ဆဲဗင်ဂျူလိုင် ကျောင်းသားသတ်တဲ့နေ့ပေါ့။ ရဲဘော်လေးမောင် ကျဆုံးတဲ့နေ့ပေါ့ စသဖြင့် ပြောပါတယ်။ ကျနော်လည်း ဦးစိန်ဝင်း ကွယ်လွန်တဲ့နေ့မှာ သတိရနေသလို ဦးမိုးကြိုးကလည်း သတိရကြောင်း ပြောလာတဲ့အချိန် ကျနော်လည်း ဒီစာကို ရေးဖြစ်သွားတာပေါ့။ ဦးမိုးကြိုးကဆိုရင် ဦးစိန်ဝင်းနဲ့ ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့ဟာ ရန် ငါ ပြတ်သားတာချင်း တူတယ်လို့တောင် ပြောခဲ့တာပါ။ ဟုတ်ပါတယ်။ သူတို့ဟာ ပြတ်သားတယ်။ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်တယ်။ ရန်သူ စစ်အုပ်စုကို အညံ့မခံဘူး။ မစေ့စပ်စတမ်း တော်လှန်သွားခဲ့ကြသူတွေပေါ့။ ရန်ကြီးအောင် ဦးစိန်ဝင်းဟာ ကျောင်းသားထု ပြည်သူလူထု အားကိုးရတဲ့ ကျောက်တိုင်ကြီးပမာပါပဲလို့ ကဗျာဆရာကြီး (ဦး)တင်မိုးကတော့ တင်စားဖွဲ့နွဲ့ပါတယ်။
“သူရဲကောင်းကျောက်တိုင်”
ရဲဘော်လိုလူ
ပြည်သူရဲ့ဘက်တော်သား
ဆုံးပါးတဲ့အတွက်
မျက်ရည်တစက်ကျမိတယ်။
ရဲဘော်ရဲ့ ရိုးဂုဏ်
ဖြောင့်မတ်တဲ့ဂုဏ်
ပြတ်သားစွာရပ်တည်တဲ့ဂုဏ်
ဒီဂုဏ်တွေဟာ
ရဲဘော်ရဲ့ကျောက်တိုင်ပမာ
စံနမူနာအဖြစ်
မော်ကွန်းသစ်တင်လိမ့်မယ်။
ရဲဘော်ရဲ့ဂုဏ်သိက္ခာဟာ
မြန်မာပြည်ရဲ့ အလင်္ကာ။
ရဲဘော်ရဲ့စိတ်ဓာတ်
မြင့်မြတ်ကြီးကျယ်မှုဟာ
မြန်မာပြည်ရဲ့ အလံတော်ပါပဲ။ ။
(သုံးခွကရဲဘော်ကြီး - ကိုစိန်ဝင်းသို့)
(တင်မိုး)
နောက်ထပ် ဦးစိန်ဝင်းနဲ့ ပတ်သက်တဲ့ ကဗျာတပုဒ်ကို ဖတ်ကြည့်ပါ။
ခွပ်ဒေါင်းဆိုတဲ့
မသေမျိုးတွေအကြောင်းကို
မအေရိုးတွေသိသွားရအောင်
ခေါင်း ထောင်လို့ ခွပ်ကြစို့ ။ ။
စိန်ဝင်း (၁၉၆၂)
ဒီကဗျာဟာ ထောင်တွင်းမှာ စိန်ဝင်း ၁၉၆၂ ဆိုပြီး အမည်တပ် သံပန်းကန်ပြားမှာ ရေးခဲ့ပေမဲ့ ဦးစိန်ဝင်းရေးတာ မဟုတ်ဘူးလို့လည်း ကိုမိုးကြိုးက ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကြောင့် သူဟာ အင်းစိန်ထောင်တွင်း တိုက်ပိတ်ခံခဲ့ရပါတယ်။ ဦးစိန်ဝင်းဟာ စစ်အာဏာရှင်ကို အဆုံးစွန် တိုက်ပွဲဝင်သွားခဲ့သလို သူ့ကို သတိရနေရုံနဲ့ မပြီးသေးပါဘူး။ သူမျှော်မှန်းတဲ့ ပြည်သူ့ဆင်းရဲကလွတ်ဖို့ စစ်အာဏာရှင်တို့ကို နွေဦးတော်လှန်ရေးအတွင်း စုပေါင်းညီညာ နည်းနာမျိုးစုံနဲ့ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းရင်း ၃၃ နှစ် အမှတ်တရ လွမ်းသူ့စာကို ဒီမှာ အဆုံးသတ်လိုက်ပါပြီ။