မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတဝိုက်က လယ်စိုက်တောင်သူတွေဟာ မိုးစပါးရိတ်သိမ်းချိန် စစ်ရှောင်နေရတာကြောင့် ရိတ်သိမ်းဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက်နေ့က ချောင်းနှစ်ခွကျေးရွာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်တပ်စွဲနေတာကြောင့် နေရပ် မပြန်ရဲသေးဘဲ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တောင်သူတွေဟာ မိုးစပါးရိတ်သိမ်းဖို့ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လိုပေမယ့် စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးရိုက်နှက်ခံရမှာကို စိုးရိမ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စပါးစိုက်ထားပြီး မရိတ်သိမ်းရသေးဘူး။ ဒီချိန်တချို့က စပါးမှည့်နေပြီး တချို့က သိမ်းလို့ရနေပြီး။ ဒါပေမယ့် သိမ်းဖို့က ပြန်လို့မရဲဘူး။ စပါးက အချိန်မီမသိမ်းနိုင်ရင် ပျက်စီးကုန်မယ်။ ရိုက်နှက်ခံရမှာလည်း ကြောက်တယ်။ ကိုယ်တယောက်တည်း အိမ်ပြန်ရင် အန္တရာယ်ကြီးကြီးကြုံရနိုင်တယ် မပြန်ရဲဘူး။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ချောင်းနှစ်ခွကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ ဆွေမျိုးနီးစပ်ရာကျေးရွာတွေမှာ ဒီကနေ့အထိ ခိုလှုံနေရပါတယ်။
တိုက်ပွဲဧရိယာနဲ့ဝေးတဲ့ လယ်ယာတချို့ မိုးစပါးရိတ်သိမ်းနိုင်ပေမယ့် ဒေသခံအများစုဟာ နယ်မြေမတည်ငြိမ်သေးတာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျရောက်မှာကို စိုးရိမ်ပြီး အခုချိန်ထိ စပါးမရိတ်သိမ်းနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “လက်နက်ကြီးကျမှာကို စိုးရိမ်ရတယ်။ အလုပ်လည်း မလုပ်ရဲဘူး။ ရွာအပြင် မိုးစပါးလုပ်ထားတဲ့လူတွေ မရိတ်သိမ်းနိုင်တော့ အခက်အခဲဖြစ်တယ်။ စပါးလည်းမရိတ်ရ၊ ရာဘာလည်းမခြစ်ရ ပြေးရှောင်နေရတယ်”လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ရာဘာလုပ်ငန်းကို အဓိကလုပ်ကိုင်တာဖြစ်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ လုပ်ကိုင်ခွင့်မရတာကြောင့် ရေရှည်မှာ မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မွန်ပြည်နယ်အတွင်း မိုးစပါးအနေနဲ့ ပေါ်ဆန်မွှေးစပါးကို အဓိကထား စိုက်ပျိုးကြပြီး မိုးစပါးစိုက်ဧက ၇ သိန်းနီးပါးရှိကာ အဲ့ဒီထဲမှာ ကျိုက်မရောမြို့နယ်အနေနဲ့ မိုးစပါးစိုက်ဧက ၃ သောင်းကျော် စိုက်ပျိုးလုပ်ကိုင်နေတယ်လို့ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။